
ပင်လယ်ဝါထဲမှာ ရုရှားနဲ့ တရုတ် ရေတပ်တို့ စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်မှာ ပြီးဆုံးခဲ့တဲ့ တနှစ် တကြိမ် တပတ်ကြာ ဆင်နွှဲတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ရုရှားရေတပ်က ခရူဇာသင်္ဘောတစင်း၊ ကော်ဗက်ဝမ်းပြားရေယာဉ် တစင်း၊ ဒီဇယ်-လျှပ်စစ် ၂ မျိုးသုံး ရေငုပ်သင်္ဘောတစင်းနဲ့ ပစိဖိတ်ရေတပ်က ကယ်ဆယ်ရေးသင်္ဘောတစင်းတို့ ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ရုရှားဝန်ကြီးဌာနက ပြောပါတယ်။
၂ နိုင်ငံ ရေတပ်တွေဟာ အမြောက်နဲ့ စက်သေနတ်စနစ်တွေနဲ့ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပြီး “ဒရုန်းတွေအပါအဝင် လူမဲ့စနစ်တွေက တုပတိုက်ခိုက်မှုကို တွန်းလှန်”ခဲ့တယ်လို့လည်း ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
လေ့ကျင့်ခန်းတွေအတွင်း တရုတ်ရေတပ်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းကနေ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တစင်း စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်က ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောခွင့်ရ ဒီမီထရီပဲ့စ်ကော့ဗ်က ရုရှား-တရုတ် စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုကို မြှင့်တင်ဖို့ အထောက်အကူပြုတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










