DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကွယ်လွန်
DVB
·
July 18, 2016
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  ကွယ်လွန်
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်ဟာ ၉၆ ပါးသောရောဂါနဲ့  ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့ နေအိမ်မှာလည်း ကွယ်လွန်သွားခဲ့ပါတယ်။

ဦးစိုင်းစောအောင်ဟာ ကျားခေါင်းပါတီစတင်ထူထောင်ကတည်းကစ ၂၅ နှစ်ကျော် ပါတီ ရည်ရွယ်ချက်လမ်းကြောင်းပေါ် မယိမ်းမယိုင် လျှောက်လှမ်းလာသူ၊ စစ်အစိုးရ လက်ထက်က ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နဲ့ ပါတီခေါင်းဆောင်အချို့ နှစ်ရှည်ထောင်ချ ထားခံရစဉ်က ပါတီ မယိုင်လဲအောင် ဦးဆောင်ထိန်းသိမ်းထားသူဖြစ်တဲ့အတွက် အခုလို ဆုံးပါးသွားတာဟာ ပါတီအတွက်ရော အရည်အချင်းရှိ ခေါင်းဆောင်ကောင်းတဦး ဆုံးရှုံးရတယ်လို့ ပါတီအထွေထွေ အတွင်းရေး မှူး ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“၁၉၈၈ ပါတီစပြီး ထူထောင်တုန်းက သူလည်းပါတယ်။ ကျနော်တို့ထောင်ကျတုန်းက အပြင်က နေပြီး ပါတီမယိုင်လဲအောင် ထိန်းသိမ်းလာတဲ့သူဖြစ်တယ်။ ဝေဖန်မှုကို အေးအေးဆေးဆေး ခံယူပြီး ပြုပြင်စရာရှိတာပြုပြင်တယ်။ လူရိုးလူအေးတယောက်ဖြစ်ပါတယ်။  သူကသဘောထား ပျော့ပြောင်းစွာဆက်ဆံတတ်တဲ့အတွက် ရှမ်းနှစ်ပါတီပူးပေါင်းရေးအတွက် ညှိနှိုင်းရေးကော်မတီ ခေါင်းဆောင်လည်း ဖြစ်တယ်။ သူဆုံးသွားတာ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တဦး၊ ခေါင်းဆောင်တဦး ဆုံးရှုံးတယ်။ စဉ်းစားတွေးခေါ်ပေးမယ့်သူတစ်ဦး ဆုံးရှုံးတယ်။ ပါတီအင်အား လည်း ဆုံးရှုံးရပါတယ်။”

ဦးစိုင်းစောအောင်ဟာ ၂၀၁၂ ခုနှစ်ကစ ပါတီ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကျားခေါင်းပါတီအနေနဲ့ ပါဝင်ယှဉ်ပြိုင်လို့မရတဲ့အတွက် ရှမ်းတိုင်းရင်းသားကိုယ်စားပြု ကျားဖြူပါတီ ပေါ်ပေါက်လာအောင် ကမကထပြု ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်ဇာတိ ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး ပန်းထိမ်လုပ်ငန်း၊ ကြိမ်ထည်ပစ္စည်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းသူဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကြိမ်ထည်ပစ္စည်းထုတ်လုပ်ရေးသမ၀ါယမအသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါ တယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ရီရီခင်နှင့် သားသမီး သုံးဦး ကျန်ရစ်ပါတယ်။

ဦးစိုင်းစောအောင်ရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013