
စစ်ကိုင်းတိုင်းဒေသကြီး ကလေး အနောက်-မြောက်ဒေသ ပြည်တော်သာကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက နှစ်ခြင်းဘုရားကျောင်းရှေ့ ရွာလယ်လမ်းမပေါ်မှာ အမျိုးသား တဦး ဆိုင်ကယ်လဲ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပြီး ကလေးမြို့ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ကုသမှု ခံရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“အသက် ၄၀ ၀န်းကျင်လောက်ရှိမယ်။ ဆိုင်ကယ်လဲထားတဲ့ ပုံပဲ။ မျက်နှာမှာ ဒဏ်ရာရထားတယ်။ ဘယ်သူ ဘယ်ဝါဆိုတာ မသိသေးဘူး။ အဲ့မနက်မှာ လက်ပံချောင်းရဲကင်း ကင်းလှည့်တာနဲ့ ဆုံပြီး ရဲတွေက ဆေးရုံ သယ်ပို့တယ်။ ကလေးပြည့်သူဆေးရုံကြီးမှာ ဆေးကုသစဉ် သေဆုံးခဲ့တယ်”လို့ လက်ပန်ချောင်းရွာနေ အမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ ညာဘက်မျက်စိ ညိုမဲ ဖူးယောင် ဘယ်မျက်စိနဲ့ ပါးမှာ ပေါက်ပြဲပြီး သွေးထွက် ဖူးရောင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အခုချိန်ထိ ဘယ်သူဘယ်ဝါဖြစ်မှန်း မသိသေးဘဲ သေဆုံးသူ ဝမ်းဗိုက်မှာတော့ ဗိုက်ခွဲချုပ်ရာ အမာရွတ်ပါရှိတယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့အတူ ဆိုင်ကယ်တစီး လဲနေပြီး ဆိုင်ကယ်မှာလဲ ဂီယာတံနဲ့ ခြေနင်းခုံ ကွေးကောက်ပြီး ဘယ်ဘက်ခေါင်းလကာဗာ ပွန်းနေတာကို တွေ့ရတယ်လို့ လက်ပန်ချောင်း ရဲကင်းက တပ်ကြပ်ကြီး အောင်လင်းကေ က ပြောပါတယ်။
သေဆုံးသူနဲ့အတူ တွေ့ရတဲ့ ဆိုင်ကယ်ကတော့ လော်ဂျားအမျိုးအစား အနက်ရောင် ၁၂၅ တရုတ်ဆိုင်ကယ်ဖြစ်ပါတယ်။
သတင်း - မင်းရဲစစ်နိုင်











