DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ထိပ်ပိုင်းခေါင်းဆောင်များ ရန်ကုန်တွင် တွေ့
DVB
·
July 17, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ထိပ်ပိုင်းခေါင်းဆောင်များ ရန်ကုန်တွင် တွေ့
1 / 4
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပြည်လုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါ တယ်။

တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ကို UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဦးဆောင်ပြီး SSPP/SSA က ဗိုလ်ချုပ်ကြီးဆေထင်၊ ကရင်နီ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ပါဝင်ပါတယ်၊ ဒီနေ့ အစည်းအဝေးက တံခါးပိတ် အစည်းအဝေးဖြစ်ပြီး အစည်းအဝေးအပြီးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ အစိုးရရဲ့ ၂၁ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုအဖွဲ့တို့ ရန်ကုန်မြို့မှာပဲ တွေ့ဆုံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအန်အက်ဖ်စီဥက္ကဋ္ဌ ခေါင်းဆောင်တဲ့အဖွဲ့တို့ တွေ့ကြမယ့်ကိစ္စ အကြို ညှိနှိုင်းခဲ့ပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမ့ယ် တိကျတဲ့ အဖြေ မရသေးပါဘူး။ ညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံး ပတ်မတိုင်ခင်ကျင်းပနိုင်အောင် အစိုးရက ရည်မှန်းထားပါတယ်၊ ဒီမတိုင်ခင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ အစည်းအဝေးတခုကို ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ ၄ ရက်တာ ကျင်းပဖို့ စီစဉ်ထားပြီး အစိုးရက ဦးဆောင်ကျင်းပတဲ့ ညီလာခံမှာ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါသင့်၊ မပါသင့်ကို ဆုံးဖြတ်မယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောထားပါတယ်။

UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ကနဦး တွေ့ဆုံမှုတွေမှာ UNFC ဘက်က ၂၁ ရာစုပင်လုံညီလာခံရဲ့ သဘောသဘာဝနဲ့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရဲ့ အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မေးမြန်းခဲ့တာ ရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ဒီကိစ္စတွေ ဆွေးနွေးဖွယ်ရှိပါတယ်။

အခု ဆွေးနွေးပွဲမှာ အောင်မြင်ဖို့ပဲ မျှော်လင့်ထားပြီး အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာက အစိုးရအပေါ်မှာ မူတည်တယ်လို့ ကေအိုင်အိုခေါင်းဆောင်က ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန် ရောက်ရောက်ချင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဓာတ်ပုံ - ဦးလှမောင်ရွှေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013