
စက်ရုံပိတ်နစ်နာကြေးတွေရဖို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၊ လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမား ၈၅ ဦးဟာ ဒီနေ့ လှိုင်သာယာမြို့နယ်ထဲမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပြီး လှိုင်သာယာမြို့နယ် ဘီအိုစီ အဝိုင်းကနေ ရန်ကုန်-ပုသိမ်လမ်းအတိုင်း လှိုင်သာယာမြို့နယ် မြို့နယ်အားကစားကွင်းအထိ လမ်းလျောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
ဒီစက်ရုံဟာ ဇွန်လ ၂၅ ရက်နေ့က ပိတ်လိုက်တာဖြစ်ပြီး အလုပ်သမားတွေအတွက် နစ်နာကြေးတွေ မပေးသေးတဲ့အတွက် အခုလိုတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
လဝန်းထက်သာ အထည်ချုပ်စက်ရုံက မနှင်းဝေလှိုင်က “နစ်နာကြေးတွေ ညှိနှိုင်းပေးဖို့အတွက် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးကို တင်တယ်။ အဆင်မပြေဘူး။ အဲဒါကြောင့် ရန်ကုန်တိုင်း ခုံသမာဓိ အဖွဲ့ကို ထပ်တင်ထားတယ်”လို့ ပြောပါတယ်။
ဒီစက်ရုံက အလုပ်သမားတွေဟာ ဇူလိုင်လ ၈ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်ထဲမှာ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
လဝန်းထက်သာ အထည်ချုပ်စက်ရုံက မတင်မာဆွေက “အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ဒါမှ အဆင်မပြေသေးရင် ၂၄ နာရီသပိတ်စခန်းဖွင့် တောင်းဆိုဖို့အထိ စီစဉ်ထားကြတယ်” လို့ ပြောပါတယ်။
စက်ရုံပိတ်သွားတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ နို့တစ်ကြေး၊ အလုပ်ထုတ်နစ်နာကြေးနဲ့ လုပ်သက်ခံစားခွင့်ကြေးတွေရဖို့ ကျန်နေတာပါ။
လဝန်းထက်သာ အထည်ချုပ်စက်ရုံဟာ လစဉ်လစာပေးချေဖို့ နောက်ကျလေ့ရှိပြီး အလုပ်သမား တွေဟာ ၂၀၁၅ ဇွန်လ ကတည်းက လုပ်ခလုပ်စာရဖို့ လစဉ် ဆန္ဒပြတောင်းဆိုခဲ့ရပါတယ်။
သတင်း၊ ဓာတ်ပုံ - အာကာ











