DVB Logo
Home
မြန်မာသတင်း
ရာဇဂြိုဟ်ဆည်နှင့်ပတ်သက်ပြီး စိုးရိမ်မှုမရှိစေရန် ကလေးမြို့ ဆည်မြောင်းတာဝန်ရှိသူ ပြော
DVB
·
July 16, 2016
ရာဇဂြိုဟ်ဆည်နှင့်ပတ်သက်ပြီး စိုးရိမ်မှုမရှိစေရန် ကလေးမြို့ ဆည်မြောင်းတာဝန်ရှိသူ ပြော
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့က ရာဇဂြိုဟ်ဆည်နှင့်ပတ်သက်ပြီး စိုးရိမ်မှုမရှိစေဖို့ ကလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ ၃ ရက် တနင်္ဂနွေနေ့က ပေါက်ကျခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံနယ်ထဲက ဟန်ကင်သဘာဝမြေပြိုကန်အနေနဲ့ ရေထိန်းနိုင်မှု မရှိတော့တာကြောင့် ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ဆည်အနေနဲ့ ရေဒဏ်ကိုတိုက်ရိုက်ခံရမှာဖြစ်ပြီး တောင်ပေါ်မိုးတွေကျလာမှာ စိုးရိမ်နေ တဲ့ ဒေသခံအချို့ကို ကလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးမော်မော်နိုင်က ဆည်အနေနဲ့စိုးရိမ်စရာမလိုကြောင်း ပြောကြားခဲ့တာပါ။

“အခုအခြေအနေကတော့ မစိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဆည်ဒီဇိုင်းက ၆၅၅ ပေမှ စိုးရိမ်အမှတ် ရောက်ပါတယ်။ ခုက ၆၄၃ ဒဿမ ၅ ပဲ ရှိနေတယ်။ ၃ ရက်နေ့ကလည်း ၆၅၁ ဒဿမ ၅ လောက်ပဲ တက်တယ်ဆိုတော့ ဒါဟာ ဆည်အတွက် စိုးရိမ်စရာ မဟုတ်တဲ့ ရေအမှတ်ပါ”လို့ ဦးမော်မော်နိုင်က ဆက်လက် ရှင်းပြပါတယ်။

မလွှဲမရှောင်သာ အန္တရာယ်နဲ့ ကြုံလာနိုင်မယ့် အခြေအနေအတွက်လည်း ဆည်တာဝန်ရှိသူတွေ အနေနဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးတွေကို ချိတ်ဆက်အသိပေးသွားမှာဖြစ်ပြီး ဆည်မှာ တာဝန်ယူ လုပ်ကိုင်နေတဲ့ လက်ထောက်အင်ဂျင်နီယာတွေရဲ့ လူမှုကွန်ရက်ဖေ့ဘုတ်မှာလည်း အဆက်မပြတ် အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆည်ထဲမှာ သစ်လုံးတွေပါပြီး ရေပိုလွှဲမှာ သစ်တွေ မပိတ်ဆို့စေဖို့အတွက် အဆင်သင့်ဖယ်ရှားဖို့ စက်ယန္တရားတွေကိုလဲ ဆည်မြောင်းတာဝန်ရှိသူတွေအနေနဲ့ အသင့်ထားရှိပြီး ဆည်ကန်ဘောင် ကို ဖိဖို့အတွက်ကိုလည်း သဲအိပ်တွေနဲ့ အရေးပေါ်ပစ္စည်းတွေ ထားရှိထားတယ်လို့ သိရပါတယ်။
ကလေးမြို့ ရာဇဂြိုဟ်ဆည်အနေနဲ့ ၂၀၁၅ ခုနှစ် ဆည်ပိတ်ပြီးတဲ့ နှစ်မှာပဲ ဆည် စိုးရိမ်ရေမှတ် အထက် ဆည်ရေချိန်လက်မ (၁၃ ဒဿမ ၆) ပေထိ ရေဝင်ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013