DVB Logo
Home
မြန်မာသတင်း
လုယက်မှုများနေသည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်အနီး လုံခြုံရေးချပေးရန် လိုလား
DVB
·
July 15, 2016
လုယက်မှုများနေသည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်အနီး လုံခြုံရေးချပေးရန် လိုလား
Donate to DVB

မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ကျောင်းပတ်ဝန်းကျင်မှာ လုယက်မှုတွေ များလာတာကြောင့် ကျောင်းသူကျောင်းသားတွေက လုံခြုံရေး ပိုမိုချပေးဖို့ လိုလားနေကြပါတယ်။

နေ့ခင်းပိုင်းတွေမှာတောင် လုယက်မှုတွေ ရှိလာနေတာကြောင့် လုံခြုံရေးကို အဓိကထား လုပ်ဆောင်ပေးဖို့အတွက် မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေက လိုလားနေကြတာပါ။

ဓားထောက်လုယက်ခံခဲ့ရတဲ့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ၀ါဏိဇ္ဇဗေဒ တတိယနှစ်ကျောင်းသား မောင်ဟိန်းသက်နောင်စိုးက “ဒါကတော့ ကျနော်တို့တက်နေတဲ့ ကျနော်တို့နယ်မြေကို အေးအေးချမ်းချမ်းနဲ့ ကျနော်တို့ ပညာသင်ချင်တယ်။ လုံခြုံမှုရှိအောင် စီစဉ်ဖန်တီးပေးစေလိုတယ် လက်ရှိအစိုးရကို။ ကျနော်တို့ ဒီအစိုးရကို ဒီလိုတောင်းဆိုတယ်ဆိုတာက ယုံကြည်ရလို့၊ ကျနော်တို့ အားကိုးတဲ့အစိုးရတရပ် ဖြစ်နေလို့ ကျနော် ဒီနေရာကနေ လေးလေးစားစား တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ကျောင်းပတ်ဝန်းကျင်မှာ လုယက်မှုတွေ ဖြစ်ပွားတာ များလာသလို ကျောင်းဝင်းအတွင်းမှာလည်း ငွေကြေးပျောက်ဆုံးတာတွေ၊ ဆိုင်ကယ်ပျောက်ဆုံးတာတွေလည်း အဖြစ်များလာတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

“ဒီလိုပဲ ကလေးတွေက လုယက်မှုတွေကို မကြာခဏ ခံနေရတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့ လုံခြုံရေး အားနည်းကြောင်းကို တွေ့ရတယ်။ အဲတော့ နယ်ဝေးကလာတက်တဲ့ ကလေးတွေရဲ့ လုံခြုံရေး အားနည်းမှုကြောင့် ဒီမှာ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်။ လက်ရှိ တာဝန်ရှိ အစိုးရကနေပြီးတော့ ရှေ့အစိုးရလုပ်ခဲ့တဲ့ မြို့စွန်နယ်စွန်တွေမှာ လုံခြုံမှုမရှိတဲ့ တက္ကသိုလ်တွေကို ပြန်လည်ပြီးတော့ လုံခြုံမှုလေးတွေ ပေးစေချင်ပါတယ်" လို့ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် မြန်မာစာဌာနမှ ဒေါက်တာလှမိုးက ပြောပါတယ်။

အခုလို လုယက်မှုတွေ များလာတာကို သက်ဆိုင်ရာဌာနတွေက သိရှိဖို့နဲ့ လုံခြုံရေး ပေးနိုင်ဖို့အတွက် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး မန္တလေးမြို့က မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ငြိမ်းမိုးနောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013