DVB Logo
Home
မြန်မာသတင်း
ကိုးကွယ်ရာဘာသာနှင့် ဘာသာဝင်အားလုံးကို အကာအကွယ်ပေးရန် ကြိုးစားသွားမည်ဟု ပြည်ထောင်စုဝန်ကြီးပြော
DVB
·
July 15, 2016
ကိုးကွယ်ရာဘာသာနှင့် ဘာသာဝင်အားလုံးကို အကာအကွယ်ပေးရန် ကြိုးစားသွားမည်ဟု ပြည်ထောင်စုဝန်ကြီးပြော
Donate to DVB

နိုင်ငံတွင်းက ကိုးကွယ်ရာ ဘာသာတွေနဲ့ ဘာသာဝင်တွေအားလုံးကို အကာအကွယ်ပေးနိုင်ဖို့ ကြိုးစား သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဘာသာလေးခုက ခေါင်းဆောင်ပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကြီးကို ပိုအားကောင်းလာအောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။

“အရင်ကနဲ့ မတူတာက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးကို အသက်သွင်းပြီး ပြည်ထောင်စု အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ ဘာသာဝင်တွေ၊ ဘာသာတွေကို ကူညီကာကွယ် စောင့်ရှာက်ဖို့လုပ်တာပါ”လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ စုံညီအစည်းအဝေကနေ အဖွဲ့အနေနဲ့ သုံးလတစ်ကြိမ် ဒါမှမဟုတ် လိုအပ်သလို စုံညီတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာလည်း ဘာသာရေးကိုအခြေခံတဲ့ ပြဿနာတချို့ ဖြစ်ခဲ့ပါသေးတယ်။

“ဒီလို ပြဿနာတွေ မဖြစ်ဖို့အတွက် ဘာသာကြီးလေးခုက ရှိနေတဲ့ ဘာသာဝင်တွေကို ပညာပေးရမယ်။ ဘာလဲ အစ္စလာမ်ဆိုတာ၊ ဘာလဲ ဟိန္ဒူဘာသာဆိုတာ၊ ဘာလဲ ခရစ်ယာန်ဆို တာ၊ ဘာလဲ ဗုဒ္ဓဘာသာဆိုတာ သိအောင်လို့။ ဒါမှ တဘာသာနဲ့ တဘာသာ အပြန်အလှန် ရိုသေ လေးစားမှုရှိမယ်”လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

ပြီးတော့ “တနိုင်ငံတည်းမှာ မွေး၊ အလုပ်လုပ်၊ ဒီမြေမှာပဲ သေကြမယ့် မေတ္တာနဲ့ ခန္တီအပေါ်မှာ အခြေခံထားတဲ့ ဘာသာကြီးလေးခုဟာ ဘာဖြစ်လို့ အတူတကွ အတူမနေနိုင်ရမှာလဲ။ ဘာဖြစ်လို့ အတူတကွ ပူးတွဲပြီး အလုပ်မလုပ်နိုင်ရမှာလဲ။ အတူတကွပူးတွဲပြီး စားပွဲတစ်ခုတည်းမှာထိုင်ပြီး ထမင်းမစားနိုင်ရမှာလဲ”လို့လည်း သူက ဆက်ပြောပါတယ်။

ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေဟာ သာမန်အကြောင်းအရာတွေကနေ လှုံ့ဆော်လို့ ဖြစ်တာလို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာတော့ အမုန်းစကားတွေကို တားဆီးအရေးယူနိုင်မယ့် ဥပဒေကြမ်းတခုကို ရေးဆွဲပြီးလို့ ဘာသာလေးခုက ခေါင်းဆောင်ပိုင်းတွေကို ပြင်ဆင် ဖြည့်စွက်နိုင်ဖို့  ပေးပို့ထားပါတယ်။

“ဥပဒေက မူကြမ်းတော့ ထွက်ပြီ။ လက်ရှိတည်ဆဲဥပဒေမှာလည်း ဘာသာ တခုနဲ့ တခုမှာ ထားရှိရမယ့် စောင့်စည်းရမယ့် တာဝန်ဝတ္တရားတွေ ပြဋ္ဌာန်းချက်က ရှိတယ်။ ဒါပေမယ့် ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ လက်ရှိဖြစ်ရပ်တွေကို မူတည်ပြီး ဆွဲတာပါ” ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးညွန့်မောင်သျှိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။

မကြာသေးခင်က ဖြစ်ခဲ့တဲ့ဘာသာရေးအခြေခံတဲ့ ပြဿနာတချို့မှာ အစိုးရဘက်က ကူညီဆောင်ရွက်တာ အားနည်းနေတယ်လို့ ဝေဖန်တာတွေလည်း ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013