DVB Logo
Home
မြန်မာသတင်း
ချင်းတောင်သဘာဝမြေပြိုဆည် ကျိုးပေါက်ခဲ့ကြောင်း ဆည်မြောင်းဌာနမှ အတည်ပြု
DVB
·
July 15, 2016
ချင်းတောင်သဘာဝမြေပြိုဆည် ကျိုးပေါက်ခဲ့ကြောင်း ဆည်မြောင်းဌာနမှ အတည်ပြု
Donate to DVB

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာ အနီးရှိ ရေဧကပေ ၂၀၀၀၀ လောက် သိုလှောင်ထားနိုင်တဲ့ သဘာဝမြေပြိုဆည်မှာ ကျိုးပေါက်သွားပြီလို့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး (၄) ကလေးမြို့ဒုညွှန်မှူး ဦးမော်မော်နိုင်က ဒေသခံ မီဒီယာများကို အတည်ပြု ပြောကြားပါတယ်။

သဘာဝမြေပြိုဆည် အနေနဲ့ ဆည်မြောင်းဦးစီးဌာနကနေ တူးဖော်ပေးထားတဲ့ ရေလမ်းကြောင်း အတိုင်း ကျိုးပေါက်သွားတာ ဖြစ်ပါတယ်။ ကျိုးပေါက်မှုက အကျယ်ပေ ၅၀၀ လောက်နဲ့ အနက်ပေ ၃၀၀ လောက်ရှိပါတယ်။

ရာဇဂြိုဟ်ဆည် တည်ဆောက်ရေး လက်ထောက်အင်ဂျင်နီယာ ဦးဗညားစိုးက “မြေပြိုဆည် ရေထုတ်မြောင်း တူးတုန်းက ၄ ပေ အနက်ပဲ တူးခဲ့တာပါ။ အခု မြေပြိုဆည် ပေါက် မပေါက် သွားလေ့လာတဲ့ အဖွဲ့တွေက သတင်းပို့ချက်အရ ဆည်က ပေါက်သွားပါပြီ။ အခုဆိုရင် မြေပြိုဆည်ထဲမှာ ရေအနည်းငယ်သာကျန်ရှိတော့တယ်”လို့ ပြောပါတယ်။

ချင်းတောင် ဟန်ကင်မြေပြိုဆည် ကျိုးပေါက်သွားတာနဲ့ ပတ်သက်ပြီး ကလေးဒေသ လူထုတွေ အနေနဲ့လည်း မိုးရွာတိုင်း သဘာဝမြေပြိုဆည် ပွင့်ထွက်ပြီး ၂၀၁၅ ခုနှစ် ရေဘေးကဲ့သို့ ကလေး ဒေသ ရေဘေးသင့်လေမလား စိုးရိမ်မှုတွေ လျော့ကျခဲ့ပြီး မြေပြိုဆည် ကျိုးပေါက်သွားတဲ့အတွက် တောင်ပေါ်မိုးကြီးရင် ရာဇဂြိုဟ်ဆည် အနေနဲ့ တောင်ကျရေဒဏ်ကို ခံနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှု တွေရှိနေကြတာပါ။

“အခုလို သဘာဝ မြေပြိုဆည် ကျိုးပေါက်သွားတယ်ဆိုတာ သိရတော့ ကလေးလွင်ပြင် ဒေသအတွက် တကယ်ကို ဝမ်းသာမိတယ်။ ဒီဆည်ကို ဒေသခံအားလုံးလိုလိုက တောင်ပေါ် မိုးတိမ်တွေ မြင်တာနဲ့ စိုးရိမ်ထိတ်လန့်နေကြတာလေ။ ခုတော့ တကယ်ကို ဒေသခံတွေ ရင်ထဲက အလုံးကြီး ကျသွားပါပြီ”လို့ ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ သူများအဖွဲ့က ကိုကြည်ရအောင်က ပြောပါတယ်။

မြေပြိုဆည်နဲ့ ပတ်သက်ပြီး ယခုလ ၃ ရက်နေ့က နေရဉ္စရာမြစ်နဲ့ ရာဇဂြိုဟ်ဆည်အတွင်းမှာ ရေတဟုန်ထိုး တက်လာခြင်း ကြုံခဲ့ပြီးကတည်းက ကလေးဒေသခံ တချို့က မြေပြိုကန် ပြိုကျတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပြီး ဇူလိုင်လ ၁၄ ရက်နေ့ ညနေမှာတော့ ရာဇဂြိုဟ်ဆည် ဋ္ဌာနက ပြိုကျခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်တာပါ။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013