
တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ သက်ဆိုင်တဲ့နိုင်ငံများအနေနဲ့ အခြေအနေကို တင်းမာ စေမယ့် လုပ်ဆောင်မှုတွေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နဲ့ ပြဿနာကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံက တိုက်တွန်း လိုက်ပါတယ်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ “၇” အရ တောင်တရုတ် ပင်လယ်အရေးကိစ္စတွင် အနုညာတရုံး၏ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲ့ ရည်တည်ချက် သဘောထားကို ပထမဆုံးအကြိမ်ထုတ်ပြန်ချက်ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတာ တရားမ၀င်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်တန်းချက်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိသ် (The Hague) မြို့မှာရှိတဲ့ ကုလသမဂ္ဂနောက်ခံ နိုင်ငံတကာတရားရုံးက ဇူလိုင် ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘူးလို့ ယတိပြတ်ကြေညာထားပြီး တောင်တရုတ်ပင်လယ်အတွင်း လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လုပ်သွားမယ်လို့ ပြောခဲ့ပြီး အခြေအနေ တင်းမာနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အငြင်းပွားမှုကို ၁၉၈၂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပါအ၀င် နိုင်ငံအားလုံးမှ အသိအမှတ်ပြုတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအခြေခံမူတွေနဲ့အညီ ဆွေးနွေးမှုနဲ့ ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုတွေကတဆင့် ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် ကြိုးပမ်းမှုတွေအားလုံးကို အစဉ်အမြဲ ထောက်ခံအားပေးတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ စည်းမျဉ်းဥပဒေကို အခြေပြုတဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့အလျောက် နိုင်ငံခြား ဆက်ဆံရေးအကောင်အထည်ဖော်မှုမှာ စည်းမျဉ်းဥပဒေကို လေးစားလိုက်နာဖို့ ကတိပြုထား ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံတွေ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက်အပြည့်အ၀နဲ့ ထိရောက်စွာအကောင်အထည်ဖော်ရေးနဲ့ တောင်တရုတ် ပင်လယ်တွင်း ကျင့်ထုံးတရပ် ဆောလျင်စွာပေါ်ထွက်ရေးအတွက် တူညီဆန္ဒပေါ် အခြေပြုပြီး အာဆီယံနိုင်ငံတွေ၊ တရုတ်နိုင်ငံတို့နဲ့ ဆက်လက်လက်တွဲလုပ်ကိုင်မယ်လို့ ဖော်ပြပါတယ်။
တခြားအာဆီယံနိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံက ထုတ်ပြန်ချက်မှာ အငြင်းပွားမှုတွေကို အင်အားသုံးတာ ဒါမှမဟုတ် အင်အားသုံးမယ်လို့ ခြိမ်းခြောက်တာတွေကို ရှောင်ရှားပြီး ဥပဒေကြောင်းအရ နဲ့ သံတမန်ရေးဆောင်ရွက်မှုတွေ အပါအဝင် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတာကို ခိုင်ခိုင်မာမာ ထောက်ခံတယ်လို့ဆိုပါတယ်။
စင်ကာပူနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ‘ဥပဒေနှင့် သံတမန်ရေး လုပ်ငန်းစဉ်ကို အပြည့်အ၀ လေးစားလိုက်နာကြဖို့ မိမိကိုယ်ကို မိမိထိန်းထိန်းသိမ်းသိမ်း ကျင့်ကြံကြဖို့၊ ဒေသတွင်းမှာ တင်းမာမှုတွေမြင့်မားစေတဲ့ လှုပ်ရှားဆောင်ရွက်ချက်တွေကို ရှောင်ရှားကြဖို့’ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံကတော့ ဒီအငြင်းပွားမှုကို အဖြေရှာရာမှာ သက်ဆိုင်သူတွေရဲ့ အသိပညာကြွယ်ဝမှု အပေါ် မူတည်နေတယ်လို့ ဆုံးဖြတ်ချက် မထွက်ပေါ်ခင် သတင်းထောက်တွေပြောကြားခဲ့ရာမှာ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက မကြာခင်မှာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် ဥရောပ-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒီကိစ္စကို တင်ပြမယ်မယ်လို့ ပြောဆိုထားပါတယ်။
တောင်တရုတ်ပင်လယ်အရေးကိစ္စကို မကြာခင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း အလေးထားဆွေးနွေးကြဖွယ်ရှိပါတယ်။
သဘာဝသယံဇာတ ကြွယ်ဝတယ်လို့ ပြောဆိုကြတဲ့ တောင်တရုတ်ပင်လယ်ဟာ စတုရန်းမိုင် ၁ ဒသမ ၄ သန်း ကျယ်ဝန်းပြီး ဗီယက်နမ်၊ ထိုမ်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ကလည်း ပိုင်ဆိုင်တယ်လို့ ကြေညာထားကြပါတယ်။
ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကတော့ နယ်မြေပိုင်ဆိုင်မှု ပြဿနာအတက်ဆုံး ဖြစ်နေပါတယ်။
တရုတ်နိုင်ငံက ကြေညာနေတဲ့ နယ်နိမိတ်ဟာ နှစ်နိုင်ငံလုံး ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ ပင်လယ်နယ်နိမိတ်ဆိုင်ရာ သဘောတူစာချုပ်နဲ့ အကျုံးမ၀င်ဘူးလို့ ဖိလစ်ပိုင်က ၂၀၁၃ ခုနှစ်မှာ တိုင်တန်းခဲ့တာဖြစ်ပါတယ်။











