DVB Logo
Home
Lead Story
နမ့်ခမ်းမြို့တွင်း လူသတ်မှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့နှင့် မေးမြန်းချက်
DVB
·
July 14, 2016
နမ့်ခမ်းမြို့တွင်း လူသတ်မှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့နှင့် မေးမြန်းချက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်မှာ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းက ဦးစိုင်းကောင်းခမ်း ခေါ် စိုင်းဆန်ခေး ဆိုသူ ဒေသခံတဦး သေနတ်ပစ်ခံရပြီး သေဆုံး သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ - ရဲမှူးကြီး အောင်မြတ်မိုးကို ဒီဗွီဘီသတင်းထောက် နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့တုန်းက နမ့်ခမ်းမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ပြောပြလို့ရမလားရှင့်။
“နမ့်ခမ်းမှာဖြစ်ခဲ့တဲ့ ကိစ္စကတော့ သေဆုံးသူ ဦးစိုင်းကောင်းခမ်းက အသက် ၅၂ နှစ်ရှိပြီးတော့ နမ့်ခမ်းမြို့ပေါ်က တိုင်းခန်းမမှာလုပ်တဲ့ ဆယ်တန်းအောင် ကလေးတွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို လာတက်တာပါ။ သူနဲ့ သူ့သမီးနဲ့။ လာတက်တဲ့ အချိန်မှာ အခမ်းအနားပြီးသွားလို့ တိုင်းခန်းမကအထွက် ကားပေါ်ပြန်တက်မယ် အလုပ်မှာ လူနှစ် ယောက်က ရုတ်တရက်ဆိုင်ကယ်နဲ့ ရောက်လာပြီး သူ့နာမည်ခေါ်ပြီးတော့မှ သေနတ်နဲ့ ပစ်ပါတယ်။ သုံးလေးချက်လောက်ပစ်ပြီး ထွက်ပြေးသွားပါတယ်။ ဖြစ်ပွားတဲ့အချိန်ကတော့ ညနေ ၃း၁၅ လောက် ဖြစ်ပြီးတော့မှ ဆေးရုံချက်ချင်းပို့ပါတယ်။ ၃ နာရီ ၅၀ မိနစ်အချိန်မှာတော့ ကွယ်လွန်သွားပါတယ်။”

ဆေးရုံမှာဆုံးတာပေါ့နော်။
“ဟုတ်ကဲ့ ဆေးရုံမှာဆုံးတာပါ။”

ဟုတ်ကဲ့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာသက်သေတွေဘာတွေ ရခဲ့တာတွေ ရှိသလဲရှင့်။
“ကျည်ခွံကတော့ ဥရောပနိုင်ငံလုပ်တဲ့ ပစ္စတိုကျည်ခွံလို့ယူဆရတဲ့ စတီးရောင်ကျည်ခွံ လေးခုရပါ တယ်။”

ဘယ်အဖွဲ့ကလို့ သုံးသပ်ရပါသလဲ။
“အဲဒီသေနတ်ကတော့ ပြောရရင် ဒီဒေသမှာ ပိုက်ဆံရှိရင် ၀ယ်ကိုင်လို့ရတယ်ဆိုတဲ့ သဘော ပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများလည်း ထိပ်ပိုင်းခေါင်းဆောင်တွေ သုံးတာပေါ့နော် ဒီသေနတ်တွေက နောက်တော်တော်များများသုံးကြတယ်ပေါ့။ တကိုယ်ရည်တကာယ လိုင်စင်မဲ့ဒီလိုပဲ ဆောင်ပြီး ကိုင်ကြတဲ့ သေနတ်မျိုးပေါ့။”

ဒီလူနဲ့ပတ်သက်ပြီးတော့မှ ရဲမှူးတို့ ဘယ်လိုမျိုးအချက်အလက်တွေရထားလဲရှင့်။ သူကလက် နက်ကိုင်အဖွဲ့ကလား။ ဘယ်လိုမျိုးလဲရှင့်။
“ဒီလိုပေါ့ ကျနော်ပြောပြရရင်တော့ ဒီပုဂ္ဂိုလ်ရဲ့ အဖေက ပလောင်လူမျိုး။ အမေက ရှမ်းလူမျိုး ဖြစ်ပါတယ်။ သူကတော့ ရှမ်းပလောင်အစပ်ပေါ့နော်။ သူ့ရဲ့ဖခင်ကတော့ ပလောင် TNLA အဖွဲ့ အစည်းမှာ ဗိုလ်မှူးအဆင့်ရှိတယ်လို့ အကြမ်းဖျင်းသိရတယ်။ ပြောရရင်တော့ ဆက်ကြေးပေါ့။ ဒေသ အခေါ်တော့ ဆက်ကြေးခေါ်တာပေါ့။ ဆက်ကြေးကိုလည်း တာဝန်ယူထောက်ခံပေး တဲ့သူလို့ ကျနော်တို့ မနေ့ကတော့ အခြားသတင်းများအရတော့ သိရှိရပါတယ်။ ဆက်ကြေးေ ကာက်တယ်။ ဆက်ကြေး ကောက်တဲ့အတွက် ရွာသူရွာသားတော်တော်များများ ကလည်း သူ့အပေါ်မှာ တော်တော်မကျေနပ်ဘူး ပေါ့နော်။ အကြမ်းဖျင်းပေါ့ သူ့အကြောင်းကို စုံစမ်းသိရှိရပါတယ်။”

ဟုတ်ကဲ့ပါ။ အခုလိုမျိုး ဒေသတွင်းဖြစ်ပွားတာနဲ့ ပတ်သက်ပြီးတော့ ဒီအမှုပေါ်ပေါက်ရေး အတွက် ဘယ်လိုဆက်ပြီး ဆောင်ရွက်နေပါသလဲရှင့်။
“ဘယ်လိုဆောင်ရွက်နေလဲဆိုတော့ ကျနော်တို့ လာပစ်သွားတဲ့ သူနှစ်ယောက်ကို အနီးကပ်ဆုံး မြင်လိုက်သူကို သိပါတယ်။ ကျနော်တို့ နာရေးကိစ္စ ၁ နာရီမှာ သဂြိုဟ်မယ်။ သဂြိုဟ်ပြီးရင်တော့ သူ့ရဲ့မြင်တွေ့ပုံအနေအထားကို ကျနော်တို့က မေးပါ့မယ်။ သူမသေခင်မှာ သူပြောခဲ့တာ မင်းတို့ငါ့ကို လုပ်ရက်တယ်ကွာဆိုတဲ့ စကားတခွန်း သေသူကပြောသွားတယ်လို့ ပြောစကား အရကြားရပါတယ်။ သူ့အနေနဲ့ ကျေးဇူးခံ ကျေး ဇူးကန်းရှိနိုင်တယ်။ ရင်းရင်းနှီးနှီး သိနိုင်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သူ့ဇနီးသားမယား ဆွေမျိုးနီးစပ်ကတဆင့် ကျနော်တို့ ခြေရာကောက်ပါ့မယ်။ နောက်တခုက ဖြစ်နိုင်တာ တောထဲက အဖွဲ့အစည်းလည်း ဖြစ်နိုင်သလို၊ ငွေကြေးစားယူ ပြီးတော့မှ ကြေးစားလူသတ်သမားတွေလည်း အဲဒီကိစ္စတွေက ရှိကြတာကိုး။ အဲဒါကို ကျနော်တို့ ဆက်လက်ပြီး ဖော်ထုတ်ပါ့မယ်ခင်ဗျ။”

ဟုတ်ကဲ့ ဒီနယ်မြေအတွင်း လုံခြုံရေးကော။
“လုံခြုံရေးက အခင်းဖြစ်ပွားချိန်မှာ ကျနော်တို့ဆီက နမ့်ခမ်းမြို့အ၀င် မုခ်ဦးမှာ စစ်ဆေးရေး အဖွဲ့ ကျနော့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းစစ်ဆေးရေး တဖွဲ့ရှိပါတယ်။ ဒီဘက်က ညဈေးတန်းဆိုတာ အခင်းဖြစ်ပွားတဲ့နေရာရဲ့ သုံးဖာလုံလောက်အတွင်းမှာ အဲဒီမှာလည်း ကျနော်တို့ ရဲတပ်ဖွဲ့ကနေ အလှည့်ကင်း ဆောင်ရွက်လျက်ရှိပါတယ်။ အခင်းဖြစ်ပွားချိန်မှာ။ ဖြစ်ပွားတာတော့ မြို့လယ်ခေါင် လမ်းမတော် လမ်းမကြီးရဲ့ မီးပွိုင့်အနီးမှာ ဖြစ်သွားတာ။ လက်ရှိကတော့ ကျနော်တို့က ပိတ်ဆို့ရှာဖွေ တယ်။ ရှေ့တန်း တပ်မ-၃၃ လည်းရှိတဲ့အတွက် အဲဒါနဲ့လည်း ပေါင်းပြီးတော့မှ ကျနော်တို့ စစ်ဆေးရှာ ဖွေနေတာတွေ၊ နောက် သတင်းစုံစမ်း ထောက်လှမ်းတာတွေ လုပ်နေပါတယ်။”

ဟုတ်ကဲ့ရှင် မနေ့ကတုန်းက ဌာနဆိုင်ရာ ရဲတပ်ဖွဲ့တွေက သွားလိုက်တာ မမီလိုက်ဘူးလား ရှင့်။ အဲဒီဆိုင်ကယ်သမားကိုလေ။
“မမီလိုက်ဘူး သူကပစ်ပြီး ချက်ချင်းပြေးတာကိုး။ ပိတ်ဆို့တာပေါ့။ အဲဒီအချိန်ကျတော့ ကျနော် တို့ရဲ့လုပ်ငန်းစဉ်က မြို့ထဲကနေ ပြန်မထွက်နိုင်အောင် ဘလော့လုပ်လိုက်ရတယ်။ လုံခြုံရေးလုပ်ငန်း စဉ်မှာက။ ပိတ်ဆို့တဲ့အခါမှာ မမီဘူးလားဆိုတော့ သူကပစ်ခတ်ပြီးတဲ့အခါမှာ ပုံပြောင်းသွားနိုင်တာကိုး။ သူက လူအုပ်ကြားထဲဝင်ပြီး ဖျောက်သွားမယ်။ လူထုနဲ့ရောပြီး ဖျောက်သွားမယ်။ ပြီးမှ အသာလေး တိတ်တိတ်လေး ပြန်ထွက်သွားတာမျိုးလည်း ရှိနိုင်တယ်။ ချက်ချင်းဆိုင်ကယ်နဲ့ မောင်းပြီးတော့ ပြည်ထောင်စု လမ်းမကြီးအတိုင်း နမ့်ခမ်းဘက်တို့၊ စေတီကြိုးတံတားဘက်တို့ မူဆယ်ဘက်တို့ပြေးရင် တော့မိနိုင်တာပေါ့။ ရပ်ကွက်ကြို ရပ်ကွက်ကြားထဲဝင်သွားပြီးမှ ၀တ်လာတဲ့အ၀တ်အစားတွေကအစ အကုန်ပြောင်းလိုက်ရင် ရုတ်တရက် ဖမ်းဆီးမိနိုင်ဖို့တော့ အခက်အခဲရှိတာပေါ့။ လူကြားထဲမှာ ရော ပျောက်တာကိုး။”

ဒါဆိုရင် ဒီလူသတ်သမားက မြို့တွင်းထဲမှာပဲ လူဖျောက်ပြီးနေနေတဲ့ သဘောပေါ့နော်။ အပြင်ဘက်ကို ထွက်လို့မရသေးဘူးပေါ့။
“အဲလိုကတော့ အဲဒီအချိန်မှာ ယူဆရတာပေါ့။ ကျနော်တို့က လက်ရှိတော့ ပိတ်ဆို့ထားဆဲပဲ။ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ ပြည်ထောင်စုလမ်းမကြီးအပေါ်ရော၊ တောထဲမှာလည်း ကျနော်တို့ လှုပ်ရှားနေတဲ့ တပ်တွေရှိတာကိုး။ တောတောင်ထဲမှာလည်း ကျနော်တို့က သတင်းတွေ ဖြန့်ထားပြီး တော့မှ သူ့ရဲ့ပုံပန်းသဏ္ဍာန်နဲ့ ပြောဆိုပြီးတော့ လုပ်နေတာတွေ ရှိတာပေါ့။

ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်။ အခြားရော ဘာများဖြည့်စွက်စရာရှိသေးလဲ။ ပြည်သူတွေ စိတ်အေးရအောင်ပေါ့။
“ဖြည့်စွက်စရာကတော့ ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၁၉ မြို့နယ်ရှိပါတယ်။ ဒီမှာကတော့ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ မထိုးထားတဲ့အဖွဲ့အစည်းတွေရော အများကြီးရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာလှုပ်ရှားဖို့ ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ပြုမူလှုပ်ရှားမှု တွေ့ရင်လည်း ရဲတပ်ဖွဲ့ကို ထုတ် ပြန်ကြေညာထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီးတော့ သတင်းပေးပို့ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ပတ်ဝန်းကျင်မှာ မသင်္ကာစရာပစ္စည်း၊ မသင်္ကာစရာ လူပေါ့နော်။ တွေ့ခဲ့ရင်လည်း ဒီအတိုင်း အမှုမဲ့ အမှတ်မဲ့မနေဘဲနဲ့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများကို သတင်းပေးပို့ပြီးတော့ ကူညီဆောင်ရွက် ပေးရင်တော့ လူထုပူးပေါင်း ပါဝင်ရင်တော့ အမြန်ဆုံးမိပြီးတော့ မှုခင်းကို ကြိုတင်ကာကွယ်နိုင်တဲ့ အကြောင်းလေး ပြောချင်ပါတယ်ခင်ဗျ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013