DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင်အတွင်း ကျောင်းကျန်းမာရေးအတွက် ပေးဝေသည့်ဆေးများ သက်တမ်းလွန်နေ
DVB
·
July 13, 2016
ပခုက္ကူခရိုင်အတွင်း ကျောင်းကျန်းမာရေးအတွက် ပေးဝေသည့်ဆေးများ သက်တမ်းလွန်နေ
Donate to DVB

ပခုက္ကူခရိုင်အတွင်းက ရွာတရွာမှာ ကျေးလက်ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေးအတွက် ပေးတဲ့ဆေးတွေဟာ သက်တမ်းလွန်ဆေးတွေ ဖြစ်နေပါတယ်။

အခု ဇူလိုင် ၅ ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ခံ ဗဟင်းကျေးလက်ကျန်းမာရေးဌာနက ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာ အထကကျောင်းမှာ ကျောင်းကျန်းမာရေးအတွက် ပေးဝေခဲ့တဲ့ အမောက်ဆလင်ဆေးတွေက သက်တမ်းတနှစ် လွန်နေတာ ဖြစ်တယ်လို့ ပခုက္ကူခရိုင်စားသုံးသူ ကာကွယ်ရေးအသင်းတာဝန်ခံ ဦးသူရမင်းထက်စိုးက ပြောပါတယ်။

“မြိုင်မြို့နယ် ဗဟင်းကျေးရွာအထကမှာ ဒိတ်လွန်ဆေးတွေ သုံးစွဲနေတယ်ဆိုတဲ့ အကြောင်းကို ကျေးရွာဒေသခံနယ်မြေက ကျနော်တို့ကို လာအကြောင်းကြားတဲ့အခါမှာ ကျနော်တို့ စားသုံးသူကာကွယ်ရေးအသင်းက လာရောက်ပြီးတော့ စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်း ပြုလုပ်ပါတယ်။ ဒီ Antivirus ဆေးတွေ ပေးထားတာမှာ သက်တမ်း ၂၀၁၅၊ ၆ လပိုင်းကဆေးတွေ ပေးထားတဲ့အခါမှာ သက်တမ်း ၁ နှစ်လောက် လွန်နေတာကို တွေ့ရတယ်။ ကျောင်းသား ၇၀ လောက်ပေးဝေခဲ့ပြီး ချက်ချင်း ပြန်သိမ်းယူတဲ့အခါမှာ တချို့ကလည်း စားပြီးပြီ၊ တချို့လည်း မစားရသေးတဲ့သူတွေနဲ့ဆိုတာကို ကျနော်တို့ စစ်ဆေးတွေ့ရှိရပါတယ်။”

ဒီရက်လွန်ဆေးတွေ ဖြန့်ဝေပြီး မကြာခင်မှာဘဲ ကျန်းမာရေးဝန်ထမ်းတွေက ပြန်သိမ်းနိုင်ခဲ့ပေမယ့် သက်တမ်းလွန်ဆေးသောက်မိတဲ့ ကလေးတချို့တော့ ရှိခဲ့ပါတယ်။

ကလေးမိဘတဦးဖြစ်တဲ့ ကိုလှိုင်ဌေးက “တိုက်လိုက်မိတယ်၊ နှစ်ကြိမ်တိုက်လိုက်တယ်။ ဒိတ်လွန်တာ မလွန်တာ ကျနော်လည်း နားမလည်တော့ မသိဘူးပေါ့။ လောလောဆယ် ကလေးကတော့ ဘာမှမဖြစ်ပါဘူး” လို့ ပြောပါတယ်။

ပခုက္ကူခရိုင် စားသုံးသူကာကွယ်ရေးအသင်းက ဆေးနဲ့ စားစရာတွေ ၀ယ်တဲ့အခါ သက်တမ်းသတ်မှတ်ချက်၊ ရက်စွဲကို သတိထားဝယ်ကြဖို့ တိုက်တွန်းထားတာ ရှိပါတယ်။

အခုတကြိမ် သက်တမ်းလွန်ဆေး ပေးဝေခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံတချို့က  သက်ဆိုင်သူတွေကို အရေးယူဆောင်ရွက်ပေးဖို့ မကွေးတိုင်းဝန်ကြီးချုပ်အထိ တိုင်ကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဒီတကြိမ် သက်တမ်းလွန်ဆေးမဝေခင် အရင်လကလည်း ပခုက္ကူခရိုင်အတွင်း ကလေးငယ်တွေဟာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဝေတဲ့ သက်တမ်းလွန်ဆေးတွေ သောက်ခဲ့မိပါသေးတယ်။

သတင်း - မြင့်နိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013