DVB Logo
Home
မြန်မာသတင်း
ပန်းရောင်နေထိုင်ခွင့်ကတ်များ အချိန်မီ သက်တမ်းတိုးရန် ထိုင်းအစိုးရသတိပေး
DVB
·
July 12, 2016
ပန်းရောင်နေထိုင်ခွင့်ကတ်များ အချိန်မီ သက်တမ်းတိုးရန် ထိုင်းအစိုးရသတိပေး
Donate to DVB

ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေထဲက ပန်းရောင် ယာယီနေထိုင်ခွင့်ကတ်ကိုင်ဆောင်ပြီး ဆက်လက်နေထိုင်ဖို့ သက်တမ်းတိုးရမယ့် သူတွေအနေနဲ့ သတ်မှတ်ရက်အတွင်း သွားရောက်သက်တမ်းတိုးကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

နေထိုင်ခွင့်လက်မှတ် သက်တမ်းတိုးပေးပြီးရင် တရားမ၀င်နေထိုင်သူတွေကို ရှာဖွေစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအာရပ် ဖရုန်းမနီးက ဇူလိုင်လ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ယာယီနေထိုင်ခွင့်(ပန်းရောင်ကတ်)ရှိပြီး နိုင်ငံသားစိစစ်ဆဲ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ လာမယ့် ၂၀၁၈ မတ်လ ၃၁ ရက်ထိ ၂ နှစ်တာ ဆက်လက်နေထိုင်ခွင့်ရဖို့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ဇူလိုင်၂၉ ရက်အထိ ၄ လတာ ကာလအတွင်းသက်တမ်းတိုးရမှာပါ။

နေထိုင်ခွင့်ကတ်သက်တမ်းသွားတိုးရမယ့်နေ့ရက်ကိုလည်း နောက်ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ကျန်းမာရေးအာမခံကတ် ပြုလုပ်ပြီးရင် မိမိယာယီနေထိုင်ခွင့် (ပန်းရောင်ကတ်)နဲ့အတူ အလုပ်ရှင်သော်လည်းကောင်း၊ ကာယကံရှင်အလုပ်သမား ကိုယ်တိုင်သော်လည်းကောင်း သက်ဆိုင်ရာစခန်းတွေမှာ သွားရောက် ဆက်သွယ်သက်တမ်းတိုးကြဖို့ ထိုင်း အလုပ်သမား ညွှန်ချုပ်က ပြောပါတယ်။

သတ်မှတ်ကာလ ကုန်ဆုံးရင်တော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စစ်တပ်၊ လ၀ကရဲတပ်ဖွဲ့၊ အလုပ်သမားဌာန စတဲ့အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး တရားမ၀င်နေထိုင်သူတွေကို ရှာဖွေစစ်ဆေးကာ ထိုင်းအလုပ်သမားဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထိထိရောက်ရောက်အရေးယူ သွားမယ်လို့ ဆိုပါတယ်။

အဆိုပါပူးပေါင်းအဖွဲ့ဟာ တရားမ၀င်အလုပ်သမားစစ်ဆေးနှိမ်နင်းဆောင်ရွက်ခဲ့ရာမှာ ၂၀၁၅ေ အာက်တိုဘာ ၁ ရက်က ၂၀၁၆ ဇွန်လ ၃၀ ရက်အတွင်း ဘန်ကောက်မှာ ဥပဒေနဲ့မညီတဲ့ အလုပ်ရှင် ၁၈၆ ဦးနဲ့ အလုပ်သမား ၉၆၃ ဦးကို အရေးယူခဲ့ပါတယ်။ ကျန်တဲ့ခရိုင် ၇၆ ခုမှာတော့ ဥပဒေနဲ့မညီတဲ့ အလုပ်ရှင် ၁၉၈ ဦး၊ အလုပ်သမား ၁၂၅၃ ဦးကို အရေးယူခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတရားမ၀င် အလုပ်သမားတွေကို ငှားရမ်းစေခိုင်းတာတွေ့ရင် လက်ခံထားသူ အလုပ်ရှင် အနေနဲ့ ဒဏ်ငွေ အနည်းဆုံး ဘတ်တစ်သောင်းမှ တစ်သိန်းထိ သော်လည်းကောင်း၊ အလုပ်သမားဘက်ကလည်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်က ထောင်ဒဏ် ၅ နှစ်ထိ သော်လည်းကောင်း၊ ငွေဒဏ်အနည်းဆုံး ဘတ် ၂ ထောင်မှ ဘတ် တစ်သိန်းထိ ကျခံရမယ်လို့ ပြဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁၁ ရက်အတွင်း ပန်းရောင်ကတ် လာရောက်သက်တမ်းတိုးသူဦးပေါင်း ၇၈၆ ၇၄၃ ဦးရှိကာ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၄၄၇၀၂၃ ဦး ၊ လာအိုနိုင်ငံသား ၄၄၄၉၉ ဦး၊ ကမ္ဘေားဒီးယား ၂၇၈၀၁၃ဦးတို့ ပါဝင်တယ်လို့ ထိုင်းအစိုးရ တရားဝင်ထုတ်ပြန်ချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013