DVB Logo
Home
Lead Story
မဟာဖိုဝါဒကို စိန်ခေါ်တဲ့ အရောင်ဆွံ့လိပ်ပြာ
DVB
·
July 12, 2016
မဟာဖိုဝါဒကို စိန်ခေါ်တဲ့ အရောင်ဆွံ့လိပ်ပြာ
1 / 2
Donate to DVB

ယဉ်ကျေးမှုဓလေ့ထုံးတမ်းသည် လူ့အဖွဲ့အစည်းကို ထိန်းချုပ်ထားသည့် ယန္တရားများအနက် အာဏာအရှိဆုံးသောအရာ ဖြစ်သည်ဟူသော အဆိုတခုသည် မေငြိမ်း၏ အရောင်ဆွံ့လိပ်ပြာ ၀တ္ထုကို ဖတ်ပြီးသည့်အချိန်တွင် အတွေးထဲသို့ ရောက်လာသည်။ ထိုအတွေး ၀င်လာသည်နှင့် တဆက်တည်း  မေးခွန်းတခု ပေါ်လာမြဲ။ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတို့၏ အနိုင်ကျင့် ပုံသွင်းမှု ကြောင့် ပျက်သုဉ်းခဲ့ရလေသော လူ့ဝိညာဉ်တို့ မည်မျှ များပြားနေခဲ့ပြီလဲ။

မြန်မာ့လူ့အဖွဲ့အစည်းသည် ယောက်ျားကြီးစိုးသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ အမြင့်မြတ်ဆုံးသောနေရာတွင် အာဏာပိုင်များအဖြစ် အထိုင်ချထားသော သူတို့ကို ကြည့်လျှင် ယောက်ျားများသာ ဖြစ်နေလိမ့်မည်။ မြန်မာ့သမိုင်းတလျောက် ပရောဟိတ်များ၊ ရှင်ဘုရင်များ၊ စစ်သူကြီးများသည် ယောက်ျားများချည်းသာ။ နိုင်ငံရေး အာဏာရှင်များနှင့် ဘာသာရေးအာဏာ ပိုင်များ ပူးပေါင်းခြင်း၏ အကျိုးရလဒ်တခုသည်ကား မဟာဖိုဝါဒ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ မိန်းမဟူ သည် ခွေးထီးလောက်မှ မမြတ် ဟူသော မဟာဖို ၀ါဒသည် အာဏာရှင်စနစ်လွှမ်းမိုးသည့် နိုင်ငံ တိုင်းတွင် ဓလေ့ထုံးတမ်းတခုဖြစ်လာသည်ကိုလည်း အထင်အရှားတွေ့ နိုင်သည်။

မဟာဖိုဝါဒက ယောက်ျားတို့ကို အာဏာရှင်စိတ်ဓာတ် သွတ်သွင်းပေးနေသည်။ ထိုအခါ မိန်းမ   တို့သည် ကျေးကျွန်သဖွယ်ဖြစ်ရတော့သည်။ နိုင်ငံရေးတွင် ထိုနည်းဖြစ်သကဲ့သို့ အိမ်ထောင်မှု တွင်လည်း ထိုနည်း။ စနစ်တခု၏ အောက်တွင် ပုံစံတွေက တူနေမြဲ။ မဟာဖိုဝါဒကြီးစိုးသော အိမ် ထောင်မှုစနစ်အတွင်းက ကြေကွဲနေရလေသော မိန်းမတို့၏ ဂုဏ်သိက္ခာကို အရောင်ဆွံ့လိပ်ပြာ က ဖော်ကျူးထားသည်။

“ယောက်ျားအများစုက ထင်ကြတယ်။ မိန်းမတွေ ဇနီးမယားတွေဟာ ယောက်ျားတွေရဲ့ အခန်း ကဏ္ဍမပါဘဲ ရပ်တည်ဖို့ခက်ခဲကြတယ်။ ဒါမှမဟုတ်လည်း သူတို့ကို စွဲလန်းမှုကြောင့် သူတို့နဲ့ ဝေးဝေး မနေနိုင်ကြ မနေရဲကြဘူးလို့  ထင်လေ့ရှိတယ်။ အဲသည်လို ထင်တဲ့ အထဲမှာ ဖေဖေလည်း ပါသလို မောင်လည်း ပါတာပဲ။ ဒီတခါ ဒီသဘာဝကို တုံ့ပြန်ဖို့ အတွက် ဖြူဝါကတော့ ကျင့်သားရပြီး သားပဲ။ လွယ်ကူပြီးသားပဲလေ။ ဒါပေမဲ့ အသဲတော့ ကွဲရတာပေါ့။”

နှလုံးသားကိုရင်းပြီး ဂုဏ်သိက္ခာရှိသောဘ၀ကို တည်ဆောက်ရသည့် အမျိုးသမီးတို့၏ ရဲရင့်မှုမှာ အရောင်ဆွံ့လိပ်ပြာ ၀တ္ထု၏ အသက်ဖြစ်ပေလိမ့်မည်။ စင်စစ် ယင်းမှာ အမျိုးသမီးတို့၏ ဂုဏ် သိက္ခာကို ဆည်ယူခြင်းသက်သက်မျှ မဟုတ်။ မဟာဖိုဝါဒီယောက်ျားတို့၏ ရာဇ၀တ်မှုကို တားဆီး ခြင်းလည်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ဆယ်ယူခြင်းလည်း ဖြစ်သည်။

စာရေးသူက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကင်ဆာရောဂါတခုအဖြစ် အမြစ်စွဲနေသော မဟာဖို ၀ါဒမှ ဖြာထွက်လာသည့် အိမ်ထောင်မှုပြဿနာကို မှုန်းခြယ်ရာတွင် ကလောင်ကို လွတ်လပ်ခွင့် ပေးသည့် အရေးအသားများမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ စာပေကင်ပေတိုင်ခေတ်လွန် အရေး အသားများအဖြစ် ဝေဖန်သူလည်း ရှိမည်။ ကြိုဆိုသူလည်း ရှိမည်။ ပွင့်လင်းသောခေတ်အတွက် ရဲရင့်သောကလောင်တို့ လိုအပ်သည်လည်း အမှန်ပင်။ (ယနေ့ခေတ်တွင် လူသိများသည့် ဂျပန် စာရေးဆရာ မူရာကာမိ ၏ အရေးအသားတို့နှင့် ယှဉ်သော် ပျော့လွန်းသည်ဟု ပြောရမည် ထင် သည်။)

“လင်မယားနှစ်ယောက်ရဲ့ အိပ်ရာဝင်ချိန်ဆိုတာ အချစ်ကိစ္စပါပဲ မောင်။ မောင်ထင်ထားသလို သွေးသားဆန္ဒအတွက် တာဝန်တခု ထမ်းဆောင်တာ မဟုတ်ပါဘူး။ မဟုတ်ရပါဘူး။ ဒါကြောင့် အဲဒီချစ်ခြင်းကိစ္စကို ဘယ်သူကပဲ စစ၊ ဒါဟာ လင်မယားဘ၀မှာ အရေးမကြီးဘူးလို့  ဖြူဝါ ထင် တယ်။ ဒါပေမဲ့ မောင်ကတော့ ဖြူဝါ စတဲ့ အနမ်းဆိုရင် ဖြူဝါ မျက်နှာကို လိုက်ကြည့်ပြီး စိတ်မသက် သာပုံ ပြတယ်။ ဖြူဝါ မကြိုက်တဲ့ မျက်လုံးတွေနဲ့လည်း ကြည့်တတ်တယ်။ ဖြူဝါက မိန်းမမဆန်ဘူး လို့  ပြောတာကိုတော့ အခံရ အခက်ဆုံးပါပဲ။ မိန်းမဆန်တယ်ဆိုတာ ဘာလဲ။ ယောက်ျားဆန်တယ် ဆိုတာကရော ဘာလဲ။ ဘယ်လို သတ်မှတ်ချက်တွေလဲ။ ဖြူဝါ့ အတွက်တော့ လူသားဆန်ဖို့သာ အရေးကြီးတာပဲ။”

“ချစ်ခြင်းနဲ့ ယှဉ်ပြီးတော့သာ နေလေ့ရှိတဲ့  လင်မယားအချစ်ကို မောင်က တန်ဘိုးလျော့စေတော့ မလား။ ဖြူဝါ စပြီး ငိုရှိုက်မိချိန်မှာတော့ ဖြူဝါ့ လှုပ်ရှားရုန်းကန်မှုတွေက အားကုန်သွားခဲ့ပြီ။ မောင် ပြောတဲ့ အချစ်ဆိုတာကို မောင်က တဖက်သတ် အဓိပ္ပါယ်ဖော်နေချိန် ဖြူဝါဟာ အဓမ္မမှု ဆိုတဲ့ စကားလုံးကိုပဲ ထပ်ကာထပ်ကာ ရေရွတ်နေမိတယ်။ မောင်ကတော့ ဘာကိုမှ ဂရုမစိုက်။ မောင် ဟာ ဖြူဝါမုန်းတဲ့၊ မိန်းကလေးတွေကို အနိုင်ကျင့်တဲ့ရုပ်ရှင်တွေထဲက ဇာတ်ရုပ်တရုပ်လို သူ့  အလုပ် သူလုပ်နေတာ။ အဲဒီအချိန်မှာ သူဟာ ချစ်သူမဟုတ်။ လင်ယောက်ျား မဟုတ်။ တန်ဘိုး ရှိတဲ့ ယောက်ျားတယောက် မဟုတ်။ ဖြူဝါဟာလည်း ချစ်တဲ့ ယောက်ျားက ချစ်သူမိန်းမအပေါ် ချစ်ခြင်းနဲ့ တောင့်တနေထိုင်ခြင်းမျိုးမဟုတ်တဲ့ အနိုင်အထက်ပြုမှုကို ခံလိုက်ရတာပါပဲ။ ဖြူဝါဟာ ဗုန်းဗုန်းလဲ ကျ သေဆုံးသွားတဲ့ လူတယောက်အဖြစ် ကိုယ့်ကိုယ်ကို ပြန်မြင်နေရတယ် ”

အရောင်ဆွံ့လိပ်ပြာက ယင်းသို့သော အရေးအသားများနှင့် အဆုံးအထိ ဆွဲခေါ်ယူဆောင် သွားနိုင်သည်ပင် စာရေးသူ၏ အနုပညာ ဖြစ်သည်။ ရောင်စုံပန်းခင်းအတွင်း ရောင်စုံတောက်ပ နေသော လိပ်ပြာများ ပျံဝဲနေသည့်မြင်ကွင်းဖြင့်  ၀တ္ထုကို အဆုံးသတ်ထားသည်မှာ စာရေးသူ၏ မျှော်လင့်တောင့်တချက်ကို သရုပ်ဖော်ခြင်း ဖြစ်မည်။ တနည်းအားဖြင့် စာဖတ်သူကို မေးခွန်း ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

သင်သည် အရောင်ဆွံ့လိပ်ပြာတကောင်အဖြစ်နှင့် ဆက်နေမည်လား။ သို့မဟုတ် ရောင်စုံ တောက်သော လိပ်ပြာတကောင်အဖြစ်သို့ ပြောင်းလဲရန်ကော အဆင်သင့်ဖြစ်နိုင်မည်လား။ မြန်မာ့လူအဖွဲ့အစည်း၏ အနာဂတ်သည် ယင်းမေးခွန်း၏ အဖြေများ အပေါ်တွင် မူတည်နေ ပေလိမ့်မည်။

မောင်သာမည

(စာညွှန်း ။   ။ အရောင်ဆွံ့လိပ်ပြာ - မေငြိမ်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013