DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်ဆန္ဒပြ
DVB
·
July 12, 2016
မယ်လဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင် မယ်လဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်ဟာ ၀န်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံခံရမှုတွေနဲ့ တန်းတူအခွင့်အရေးမရတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

ဒုက္ခသည်တွေကို ကျန်းမာရေးအထောက်အကူပေးနေတဲ့ Aide Medical International (AMI) အဖွဲ့က စခန်းတွင်း ၀န်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေသလို ပွင့်လင်းမြင်သာမှုတွေမရှိတဲ့ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းကနေ ဒီကနေ့အထိ အလုပ်မဆင်းဘဲ ဆန္ဒပြကြတာလို့ မယ်လဒုက္ခသည်စခန်းဆေးရုံ တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ စခန်းတွင်းက ၀န်ထမ်းတွေနဲ့ မဲဆောက်က ၀န်ထမ်းတွေကို ခွဲခြားဆက်ဆံမှုတွေ လုပ်တယ်။ ဒုတိယအချက် အခွင့်အရေးတန်းတူညီမျှမှု မရဘူး။ တတိယအချက်က ကျနော်တို့ တွေက ဒုက္ခသည်ဖြစ်တယ်ဆိုပြီးတော့ နှိမ်တယ်။ အဲဒါကြောင့်မို့လို့ တန်းတူအခွင့်အရေးပေးဖို့ ဆန္ဒပြတာပါ။”

Aide Medical International (AMI) အဖွဲ့ဟာ ဘက်ဂျက်အခြေအနေကြောင့် အခု ဇူလိုင်လကုန် ကစပြီး လုပ်ငန်းရုပ်သိမ်းရမှာဖြစ်ပြီး AMI အစား ARC အဖွဲ့က ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကိစ္စကို ကူညီပေးမှာ ဖြစ်ပါတယ်။

လုပ်ငန်းရုပ်သိမ်းမယ့် AMI အနေနဲ့ မဲဆောက်နဲ့ စခန်းတွင်းက အလုပ်ပြုတ်မယ့် ၀န်ထမ်းတွေကို နစ်နာကြေးပေးဖို့ရှိနေရာမှာ ဒုက္ခသည်စခန်းတွင်းက ၀န်ထမ်းနဲ့ မဲဆောက်မြိုကပေါ်က ၀န်ထမ်းတွေကို တန်းတူအခွင့်အရေးမရဘူးလို့ စခန်းတွင်းဆေးရုံတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ ဒုက္ခသည်စခန်းက ၀န်ထမ်းတွေကို သူတို့က နောက်ထပ်ဝင်လာမယ့်အဖွဲ့အစည်းက ကျနော်တို့ကို ပြန်ခေါ်ရင် ကျနော်တို့ နစ်နာကြေးမရဘူး။ ၀င်လာမယ့်အဖွဲ့အစည်းအသစ်က ကျနော်တို့ကိုခေါ်တယ် ကျနော်တို့မလုပ်ဘူးဆိုရင်လည်း ကျနော်တို့ နစ်နာကြေးမရဘူး။ ၀ယ်လာမယ့်အဖွဲ့အစည်းအသစ်က ကျနော်တို့ကို မခေါ်မှ ကျနော်တို့ကို နစ်နာကြေးပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် မဲဆောက်က ၀န်ထမ်းတွေကိုကျတော့ ၀င်လာမယ့်အဖွဲအစည်းအသစ်က သူတို့ကိုခေါ်တယ် သူတို့လည်းလုပ်တယ်ဆိုရင် နစ်နာကြေး ၅၀ ရာခိုင်နှုန်း၊ အဲဒီဖွဲသစ်က ခေါ်တယ် သူတို့မလုပ်ဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်းနစ်နာကြေးရမယ်။ သူတို့ကိုအဖွဲ့သစ်က မခေါ်ရင်လည်း နစ်နာ ကြေး ၁၀၀ ရာခိုင်နှုန်းပေးမယ်လို့ ထုတ်ထားတယ်။ ဒီလိုကွာခြားချက်တွေရှိနေပါတယ်။”

ကျန်းမာရေး ၀န်ထမ်းတွေ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး AMI အဖွဲ့ကို မေးကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တယ်လီဖုန်းကနေ မီဒီယာကို ပြောဖို့ မရှိဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်တလော ဒုက္ခသည်စခန်းတွင်းက ကျန်းမာရေး အမှုထမ်းတွေ အလုပ်မဆင်းပဲ ဆန္ဒပြနေတဲ့အတွက် မဲဆောက်က ကျန်းမာရေးဝန်ထမ်းတွေက စခန်းတွင်းလာပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း နိုဖိုးဒုက္ခသည်စခန်းက AMI ကျန်းမာရေးအဖွဲ့ကို လစာတိုးပေးဖို့နဲ့ ခွဲခြား ဆက်ဆံမှုတွေမလုပ်ဖို့ ဆန္ဒပြခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013