DVB Logo
Home
Lead Story
အမေရိကန်သမ္မတ ရွေးကောက်ပွဲရဲ့ သမိုင်းအလှည့်အပြောင်းတခုလေလား
DVB
·
July 11, 2016
အမေရိကန်သမ္မတ ရွေးကောက်ပွဲရဲ့ သမိုင်းအလှည့်အပြောင်းတခုလေလား
Donate to DVB

ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက သူရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ တချိန်က ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန်ကို ထောက်ခံမှု ပေးလိုက်တဲ့အပေါ် ဟီလာရီတယာက် ရင်ခုန်လှုပ်ရှား ပီတိဖြစ်ခဲ့တယ်လို့ အမေရိကန်မီဒီယာ တွေက ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဟီလာရီ ကလင်တန်အတွက် သမ္မတက မဲဆွယ်စည်းရုံးပေးလိုက်တဲ့အတွက် မြောက်ကာရိုလိုင်းနား ဟာ ထူးခြားအမှတ်အသားပြုစရာ ဖြစ်သွားခဲ့ပြီး သမ္မတက အင်နဲ့အားနဲ့ တက်တက်ကြွကြွ မဲဆွယ်စည်းရုံးရေးလုပ်တဲ့ရာသီရဲ့ အစလို့ ပြောလို့ ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အနည်းဆုံး နှစ်ပေါင်း ၁၀၀ လောက်အတွင်းမှာ ဘယ်လက်ရှိသမ္မတကမှ သူကို ဆက်ခံမယ့် သမ္မတလောင်းအတွက် အားကောင်းမောင်းသန် မဲဆွယ်ပေးလေ့ မရှိခဲ့ကြပါဘူး။ ခုဖြစ်ရပ်ဟာ အမေရိကန်သမိုင်းမှာ ထူးခြားတဲ့ဖြစ်ရပ်တခုလို့ဆိုရင် မှားမယ် မဟုတ်ပါဘူး။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက သမ္မတအခွင့်အာဏာကျိုင်းကို လက်လွှဲဖို့ အဆင်သင့် ပါပဲ။ ဟီလာရီကလင်တန်က အဲဒါကို လက်ခံရယူရတော့မှာပါလို့ ၂၀၁၆ မဲဆွယ်စည်းရုံးမှု အဖွင့်မှာကတည်းက ပြောကြားခဲ့ပါတယ်။ အဲဒီအပြောဟာ အိုဘားမားအတွက် သမ္မတ တယောက်ရဲ့စံချိန်စံညွှန်းမီ စကားတခုဖြစ်ပြီး သူတို့ ၂ ယောက်အတူတူ လုပ်ကိုင် ဆောင်ရွက် တာတွေအတွက် ဂုဏ်ယူပြောကြားခဲ့သေးသလို သူထားခဲ့မယ့် အရိုက်အရာတွေကိုလည်း အမွှန်းတင် ပြောကြားခဲ့တဲ့အတွက် ဟီလာရီကလင်တန်အတွက်ကတော့ အားရစရာ အဖြစ်တခု ဖြစ်ခဲ့ပါတယ်။

အိုဘားမားက နာမည်ကိုတောင် ထည့်မပြောမသွားတဲ့အတွက် ဟီလာရီရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ချေရှိတဲ့ ဒေါ်နယ်လ်ထရမ့်ကို မြောင်းထဲ ပို့ပစ်လိုက်တာလို့ ပြောလို့ရသလို သမ္မတ ဖြစ်လာမယ်လို့ ယူဆရတဲ့ ဒီမိုကရက်တစ်သမ္မတလောင်းဟာ သမ္မတနဲ့ ဘယ်လောက် အားကောင်းတဲ့ ဆက်ဆံရေး မဟာမိတ်ဖြစ်မှု ရှိနေတယ်ဆိုတာကိုလည်း သတိပေးသလို ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမ်အက်စ်အန်ဘီစီ(MSNBC) က ဂျွိင်းရိတ်ဒ် ကတော့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ဟီလာရီ ကလင်တန်ဟာ အိုဘာမားရဲ့ အူလှိုက်သဲလှိုက် ထောက်ခံအားပေးမှုကို မရခဲ့ဘူးဆိုရင် သမ္မတတယောက်ဖြစ်လာဖို့ သူစိတ်ကူးနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒါက သူ့အတွက် သမ္မတရာထူးဆက်ခံဖို့အတွက် စိတ်အားတက်ကြွသွားစေခဲ့ပါတယ်လို့ ရေးသားခဲ့ပါတယ်။ ဒါကို လေ့လာစောင့်ကြည့်သူတွေကလည်း အဲဒီနေ့က သမ္မတ ဘားရတ် အိုဘားမားက သူသမ္မတလောင်းပြိုင်ပွဲဝင်ခဲ့တုန်းက ပုံမျိုးလိုပဲ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ စိတ်ပါလက်ပါကို ထောက်ခံ မဲဆွယ်စည်းရုံးခဲ့တာတွေကို ကြည့်ပြီး သဘောတူညီခဲ့ကြပါတယ်။

အဲဒါတွေဟာ ကိုယ်စားပြု မဲဆွယ်ပေးသူ ကွာဟမှု ရှိနေတဲ့ ပါတီ ၂ ခုအကြားမှာ ကျားကန်အားပေး အကျိုးများစေခဲ့ပြီး ဟီလာရီကလင်တန်အတွက် ကောင်းကျိုး ဖြစ်လာခဲ့တယ်လို့ ပြောရမှာပါပဲ။ တဘက် ဒေါ်နယ်လ်ထရမ့်ဘက်မှာ ဘယ်သူတွေရှိပါသလဲ။ ရှိပါတယ်။ ရီပက်ဘလီကန်ပါတီကြီးမှာ အမျိုးသားလက္ခဏာဆောင်ခဲ့တဲ့ ဘုရှ့်သမ္မတတွေ၊ မစ်ရွမ်းနီ၊ ပေါလ် ရိုင်ယန်နဲ့ ဂျွန်မက်ကိန်းစတဲ့သူတွေ ရှိနေကြပါတယ်။ ဒါပေမယ့် အဲဒီ ရီပက်ဘလီ ကန်ပါတီဝင်ကြီးတွေကလည်း ထရမ့်ကို မကြိုက်ကြဘဲ ထရမ့် သမ္မတလောင်း ကိုယ်စားလှယ်ဖြစ်လာရေးကိစ္စမှာ ဘာမှ ပါဝင်ပတ်သက်မှု မလုပ်လိုကြတာ တွေ့ရပါတယ်။

ကျနောအထက်မှာတင်ပြခဲ့သလို လက်ရှိသမ္မတတွေက သူတို့အရိုက်အရာကို ဆက်ခံလာမယ့် သမ္မတလောင်းဘက်က အင်နဲ့အားနဲ့ မဲဆွယ်ပေးမှုမျိုး အနည်းဆုံး နှစ်ပေါင်း၁၀၀ အတွင်း မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ခုတော့ သမ္မတ ဘားရက် အိုဘားမားက သူပါတီရဲ့ သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန်ကို ထောက်ခံ အားပေးခဲ့ပြီး စိတ်ရောကိုယ်ပါ ဟီလာရီရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ စတင်ပါဝင် ဆောင်ရွက်နေပါပြီ။

ဘားရက်အိုဘားမားရဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ ဟီလာရီကလင်တန်အတွက် တကယ်အကျိုး ဖြစ်ထွန်းလာနိုင်တဲ့ မတည်ပေးမှု ဖြစ်လာမလားဆိုတာကိုတော့ အချိန်က အဆုံးအဖြတ် ပေးသွားမှာပါပဲ။ သမ္မတ အိုဘားမားနဲ့ နီးစပ်တဲ့ ဒီမိုကရက်ပါတီအတွင်းစည်းက သူတချို့ကတော့ သမ္မတဟာ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်မယ်လို့ ယူဆရတဲ့ ဟီလာရီကလင်တန်အတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ လိုက်ပါဖို့ တကယ့်ကို စိတ်လှုပ်ရှားနေတယ်လို့ စီအန်ဘီစီကို ပြောပြခဲ့ပါတယ်။    တကယ်တော့ သမ္မတရဲ့ အဲဖို့စ် ၀မ်း လေယာဉ်ရဲ့ကုန်ကျစရိတ်က မသက်သာပါဘူး။ လွတ်လပ်သော သတင်းဆောင်ရွက်မှုအဖွဲ့က သတင်းစာစဉ်မှာ အမြတ်အစွန်းရယူမှုမဲ့ တရားရေး ဆိုင်ရာ စောင့်ကြည့်အဖွဲ့ ရရှိထားတဲ့ အချက်တွေကို ဖော်ပြထားခဲ့တာတွေ့ရပါတယ်။ အဲဖို့စ်ဝမ်းလေယာဉ် ပျံသန်းချိန်မှာ ၁ နာရီ ကို ဒေါ်လာ ၂၀၆,၃၃၇ ကုန်ကျတယ်လို့ ဆိုပါတယ်။

စီအန်ဘီစီရုပ်သံက ဖက်ဒရယ်ရွေးကောက်ပွဲတွေရဲ့ ဘဏ္ဍာရေးနဲ့ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးရဲ့ ဘဏ္ဍာရေး ဥပဒေတွေကို ချမှတ် စီမံကွပ်ကဲနေတဲ့ ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကုန်ကျစရိတ်တွေကို ဘယ်သူက ထိမ်းညှိမှာလဲ အမေရိကန်နိုင်ငံသား အခွန်ထမ်းတွေကလား ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က လုပ်ပေးမှလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

စီအန်ဘီစီက “ အိုဘားမားက ဟီလာရီကလင်တန်အတွက် မဲဆွယ်စည်းရုံးရေး လုပ်တဲ့အခါ အဲဖို့စ်ဝမ်းပဲဖြစ်ဖြစ် တခြားအစိုးရအစီအစဉ်ခရီးပဲဖြစ်ဖြစ် လျှို့ဝှက် လုံခြုံရေးအဖွဲ့ဝင်တွေ ပါတဲ့ သမ္မတရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေအတွက် ငွေပေးချေမှာပါလား။ ခုဟာက ဟီလာရီကလင်တန်ရဲ့မဲဆွယ်စည်းရုံးရေးပါလား။ အလားတူ ထည့်ဝင်ငွေပုံစံတမျိုးမျိုးအနေနဲ့ သဘာထားပါသလား”လို့ မေးမြန်းခဲ့တာကို ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်က  “သက်တမ်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သမ္မတ၊ ဒုတိယသမ္မတနဲ့ သမ္မတကတော်တို့ကို နိုင်ငံရေး ဆိုင်ရာနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွအတွက် သီးခြားပဲဖြစ်ဖြစ်၊ ပူးပေါင်း လှုပ်ရှားတာပဲ ဖြစ်ဖြစ် တာဝန်ရှိအမှုဆောင်တွေအဖြစ် သတ်မှတ်ပါတယ်။ တာဝန်ရှိအမှုဆောင် တွေအတွက် ကုန်ကျစရိတ်တွေကို အမေရိကန်အစိုးရက ပေးချေပါတယ်။ နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်မှုတွေအတွက် ဆိုရင် အမျိုးသားပါတီကော်မတီက ပေးချေပြီး မဲဆွယ်စည်းရုံးရေး အတွက် ကုန်ကျစရိတ်တွေကိုတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးကော်မတီ က ပေးချေရပါတယ်။”လို့ အဖြေပေးခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မဲဆွယ်စည်းရုံးရေးကိစ္စနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေမှာ

သုံးစွဲတဲ့ အသုံးစရိတ်တွေကို ဖက်ဒရယ်ရေးကောက်ပွဲကော်မတီကို အစီရင်ခံတင်ပြရမှာ ဖြစ်ပါ တယ်။ သမ္မတ၊ ဒုတိယသမ္မတနဲ့ သမ္မတကတော်တို့ရဲ့ ခရီးစဉ်တွေဟာ တာဝန်အရ ဒါမှမဟုတ် နိုင်ငံရေးသဘာဝအရ လုပ်ဆောင်တာ ဟုတ်၊ မဟုတ်ကိုတော့ အိမ်ဖြူတော်က တန်ဖိုးဖြတ် ဆုံးဖြတ်ရပါတယ်။ သူတို့ သွားလာလှုပ်ရှားတာတွေဟာ တရားဝင်တာဝန်အရ ဖြစ်တယ်ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဥပဒေအရတော့ နိုင်ငံရေးခရီးစဉ်အပါအ၀င် သူတို့ရဲ့ ခရီးသွားလာမှုတွေမှာ လျှို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့အကာအကွယ်နဲ့ တခြားပုံသဏ္ဍာန်အထောက်အကူတွေပါပေးဖို့ အခွင့်အာဏာပေးထားပါတယ်။ ဒီဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးအတွက် ကုန်ကျ စရိတ်တွေကို အတည်ပြုလက်ခံပေးဖို့ကတော့ သူတို့ကို စီစဉ် ဆောင်ရွက်ပေးနေတဲ့ အစိုးရ အေဂျင်စီတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အဲဒီလို မဲဆွယ်စည်းရုံးဖို့နဲ့ နိုင်ငံရေး တာဝန်အရ ဆိုတာကို ခွဲခြားဖို့ကတော့ တာဝန်ရှိသူတွေက ခရီးစဉ်ရဲ့ ရည်ရွယ်ရင်းနဲ့အကြောင်းနဲ့ ဖြစ်ရပ် ဒါမှမဟုတ် လှုပ်ရှားမှုတွေ ရပ်နား လှုပ်ရှားနေတာတွေအရ စစ်ဆေးကြည့်ရှု့ရမှာ ဖြစ်ပါတယ်။

ပြောချင်တာကကတောာ့ ခု အမေရိကန်သမ္မတ ဘားရတ်အိုဘားမားရဲ့ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်စည်းရုံးလှုပ်ရှားနေတာ အဲဖို့စ် ၀မ်း လေယာဉ်နဲ့ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေအတွက် ကုန်ကျစရိတ်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေနဲ့ ညီညွတ်ရဲ့လား ဆိုတာကတော့ အရေးကြီးတဲ့ကိစ္စတခု ဖြစ်လာနေပါပြီ။

ဒါကို လွတ်လပ်တဲ့ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေက စောင့်ကြည့်နေသလို တဘက်က ရီပက်ဘလီကန်ပါတီဘက်ကလည်း စောင့်ကြည့်နေကြမယ်ဆိုတာကတော့ အသေအချာပါပဲ။ ဥပဒေဘောင်အတွင်းက အမေရိကန်ပြည်သူတွေရဲ့ လူများစု ထောက်ခံမှုနဲ့ ပြိုင်ဘက် ရီပက်ဘလီကန်ပါတီထဲက အမေရိကန်နိုင်ငံရဲ့ အနာဂတ်ကို စိုးရိမ်ကြောင့်ကျ ရှိနေသူ နိုင်ငံရေးသမားကြီးတွေနဲ့ ပါတီ ထောက်ခံသူပြည်သူတွေ က နှစ်နှစ်ကာကာ ရွေးချယ်တဲ့ သမ္မတ အဖြစ် သမ္မတအိုဘားမားက ထောက်ခံ မဲဆွယ်ပေးနေတဲ့ ဟီလာရီ ကလင်တန် တယောက် တကယ်ပဲ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတတယောက် ဖြစ်လာမလားဆိုတာ ကတော့ မကြာမတင်မှာ ကျနော်တို့ တွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး  ထွန်းကားဖို့ကို အလေးထားမယ့် အမေရိကန်သမ္မတတယောက် အနိုင်ရပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013