DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ ပထမဆုံးအကြိမ် ရန်ကုန်တွင်တွေ့မည်
DVB
·
July 11, 2016
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ ပထမဆုံးအကြိမ် ရန်ကုန်တွင်တွေ့မည်
Donate to DVB

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ တွေ့ဆုံကြမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဇူလိုင် ၁၅၊ ၁၆ လောက်မှာ UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေ ရန်ကုန်ရောက်မယ်။ ဒီတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မှာတွေ့ဖို့ဆိုတာကတော့ ကျွန်တော်တို့ အတည်ပြုလို့ရပါပြီ။ အခြားဘယ်သူတွေ ပါမလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဒီတစ်ရက် နှစ်ရက် အတွင်းမှာ သိရမှာပါ''လို့ ပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ကို ယခင်ဦးသိန်းစိန်အစိုးရက တပ်ပေါင်းစုအဖြစ် အသိအမှတ်ပြုလက်ခံတွေ့ဆုံခြင်း အလျဉ်းမရှိခဲ့ရာက အစိုးရသစ်က ပထမဆုံးအကြိမ် အသိအမှတ်ပြုတွေ့ဆုံတာဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေက စစ်ကောင်စီလက်ထက်မှာ တိုင်းရင်းသား တဖွဲ့ချင်းနဲ့သာ အပစ်အခတ်ရပ်စဲရေးပေါ်လစီချမှတ်ခဲ့ပြီး တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေဖြစ်တဲ့ မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်) တို့ကို အသိအမှတ်ပြုဆွေးနွေးဖို့ ငြင်းဆန်ခဲ့ပြီး တဖွဲ့ချင်းနဲ့သာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပါတယ်။

UNFC အဖွဲ့ဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့အပြင် အန်စီအေစာချုပ် လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံမှာ အားလုံးပါဝင်ပြီး တရားဝင် ဆွေးနွေးနိုင်မယ့်နည်းလမ်း တွေ၊ ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၏ ရည်ရွယ်ချက်နဲ့ သဘောသဘာဝတွေကို သိလိုတယ်လို့ အဆိုပြုထားတာကြောင့် ဒီအဆိုပြုချက်ျေတွကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြဖွယ် ရှိပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ယူအန်အက်ဖ်စီရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ(DPN) လည်း လိုက်ပါတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲမှာကျင်းပမှာဖြစ်ပါတယ်။

ယူအန်အက်ဖ်စီအဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ရေးဆွဲအ တည်ပြုမှုအဆင့်ထိ ပါဝင်ဆောင်ရွက်ခဲ့ပေမယ့်လည်း လက်မှတ်ရေးထိုးကာနီးမှာ သမ္မတဦးသိန်း စိန်အစိုး ရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို လက်မှတ်ရေးထိုးခွင့်မပြုဘဲ ကန့်သတ် မှုကို အကြောင်းပြုပြီး အန်စီအေစာချုပ် မှာ လက်မှတ်ထိုးခြင်းမပြုခဲ့ကြပါဘူး။

ယခင်သမ္မတဦးသိန်းစိန်အစိုးရက တအာင်းပလောင်တပ်ဖွဲ့၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့် တပ်မတော် တွေကို အန်စီအေ လက်မှတ်ရေးထိုးခွင့် ကန့်သတ်ခဲ့သလို အဆိုပါတိုင်းရင်းသား လက်နက်ကိုင်တွေ အခြေပြုတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

အခုအစိုးရလက်ထက် ၂၁ ရာစုပင်လုံညီလာခံမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ပါဝင်သင့်ပါဝင်ထိုက်သူတွေပါဝင်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပြီး ညီလာခံကို လာမယ့်သြဂုတ်လနောက်ဆုံး ပတ်မတိုင်ခင်ကျင်းပနိုင်အောင် ကြိုးပမ်းနေကြပါတယ်။

၂၁ ရာစုပင်လုံညီလာခံမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ မျက်နှာစုံညီ အစည်းအဝေးတခုလို ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ ၄ ရက်တာ ကျင်းပဖို့ရှိနေပါတယ်။ အဲဒီအစည်းအဝေးကြီးမှာ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးကိစ္စကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013