
ဇူလိုင် ၁၉ ရက် ရန်ကုန် အာဇာနည်ဗိမာန်မှာလုပ်မယ့် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။
သမ္မတ ဦးထင်ကျော်ကတော့ နေပြည်တော်မှာပဲ မနက်ပိုင်းကျင်းပမယ့် ဆွမ်းကျွေးပွဲအခမ်းအနားကို တက်ရောက်မယ်လို့ သမ္မတရုံးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်နှစ် အာဇာနည်နေ့တွေမှာ မိသားစုဝင်တဦးအနေနဲ့သာ တက်ရောက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ နိုင်ငံ့အကြီးအကဲတဦးအနေနဲ့ တက်မှာဖြစ်ပါတယ်။
အရင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်မှာ အာဇာနည်နေ့ကို ဒုဝန်ကြီးတဦးသာ တက်ရောက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ဒုသမ္မတ တဦး တက်ရောက်ခဲ့ပါတယ်။
အခု အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အာဇာနည်နေ့ကျင်းပမယ့် အာဇာနည်ဂူဗိမာန်နဲ့ ဗိုလ်ချုပ်ပြတိုက်တို့ကို အစိုးရက အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးကိုလည်း ပြင်ဆင်နေပါတယ်။
အလားတူ ရန်ကုန်၊ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း တိုင်းအစိုးရက ပြင်ဆင်မွမ်းမံနေပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးဓာတ်ပုံတွေကို အများပြည်သူထံမှ အလှူခံနေပြီး အဲ့ဒီရှားပါးဓာတ်ပုံတွေကို ရန်ကုန်၊ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်မှာ ပြသမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံကနေ ဥသြဆွဲအချက်ပေးမယ်လို့ ဇူလိုင် ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အခမ်းအနားကျင်းပရေး စည်းဝေးပွဲမှာ ဒုသမ္မတ ဦးမြင့်ဆွေက ပြောခဲ့ပါတယ်။











