DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရေကြီးမှု နေအိမ် ၅ ထောင်ကျော် နစ်မြုပ်၊ လူ ၂ သောင်းကျော် ဘေးလွှတ်ရာခိုလှုံ
DVB
·
July 8, 2016
ရခိုင်ပြည်နယ်ရေကြီးမှု  နေအိမ် ၅ ထောင်ကျော် နစ်မြုပ်၊ လူ ၂ သောင်းကျော် ဘေးလွှတ်ရာခိုလှုံ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေကြောင့် နေအိမ်နဲ့ လူနေအိမ်ခြေ ၅၀၂၉ နစ်မြုပ်သွားခဲ့ပြီး လူဦးရေ ၂၁၄၇၉ ဘေးလွှတ်ရာမှာ ခိုလှုံနေကြရပါတယ်။

ရေကြီးမှုကြောင့် နစ်မြုပ်သွားခဲ့တဲ့ မြို့နယ်တွေကတော့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းနဲ့ ဘူးသီးတောင်မြို့တွေ ဖြစ်ပြီး အဲဒီထဲမှာ မင်းပြားမြို့နယ်မှာ အပျက်အစီး စာရင်းနဲ့ နစ်မြုပ်လူနေအိမ်တွေ အများဆုံးဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာနက ညွန်ကြားရေမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အခု ကျမတို့ စာရင်းအရကတော့ အားလုံး ၅ မြို့နယ်မှာ ရေနစ်မြုပ်သွားတာပေါ့လေ။ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ ဘူးသီးတောင်စတဲ့မြို့ ၅ မြို့ပေါ့လေ။ အဲဒီမှာ မင်းပြားက အဆိုးဆုံးပါ။ လူနေအိမ်ခြေက ၅၀၂၉ နစ်မြုပ်သွားပါတယ်။ လူဦးရေက ၂၁၄၇၉ ရှိပါတယ်။ လက်ရှိကတော့ စဖြစ်တဲ့နေ့ကစပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရယ်၊ ကျမတို့ လူမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ပြန် လည်နေရာချထားရေ၀န်ကြီး ဌာနအပါအ၀င်ပေါ့လေ။ ရွှေ့ပြောင်းတာ တွေ လုပ်ထားတာ ရှိပါတယ်။ လက်တလော အရေးပေါ်စားနပ်ရိက္ခာကတော့ ခေါက်ဆွဲတို့၊ ကြက်ဥတို့၊ ရေသန့်တို့၊ ကြာဇံခြောက်တို့ အစားအသောက်တွေ ထောက်ပံ့ထားပါတယ်။ ဒီနေ့ အရေကြီးတဲ့နေရာတွေကို ထောက်ပံ့ပေးနေပြီ”လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ မင်းပြာမြို့နယ်နဲ့ အမ်းမြို့နယ်မှာ အမ်းမှာ လူနေအိမ် ၇ လုံး မျောပါသွားပြီး၊ မင်းပြားမြို့မှာတော့ လူနေအိမ် ၁၂ လုံးမျောပါသွားတယ်လို့ ပြောပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေကို လိုက်လံ စာရင်းကောက်ယူနေပြီး၊ ပျက်စီးစာရင်း အတိအကျကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ဆောက် ပေးဖို့ အိမ်ဆောက်ပစ္စည်းတွေကို ကူညီ ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုတွေကြောင့် ဘေးလွှတ်ရာကို ခိုလှုံနေရပြီး၊ စိတ်ချရတဲ့အခြေအနေ မရှိသေးဘူးလို့ Information Centre မင်းပြား ကိုကျော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

’’မင်းပြားမြို့ထက်မှာတော့ ရေတွေကတော့ နည်းနည်းကျသွားပြီ၊ ဒါပေမယ့် စိတ်ချရတဲ့ အခြေအနေ မရှိသေးဘူး။ မင်းပြားမြို့နယ် လေးမြို့ချောင်းအတွင်း ရှိတဲ့ ရွာတွေ အခုထိ ရေတွေ ၃ ပေကျော်လောက် ရှိနေသေးတယ်။ မကျသေးဘူးခင်ဗျ။ ချောင်းကျရေက တအားပြင်းထန် နေသေးပါတယ်။ စက်လှေတွေကို သတိထား မောင်းနှင်းနေရတယ်။ အဲဒီဖက်က ရွာတွေမှာ ကတော့ ဘုန်းကြီးကျောင်းတွေနဲ့ တောင်တွေမှာ ခိုလှုံနေကြရပါတယ်လို့ ပြောပါတယ်။

မင်းပြားမြို့နယ် ထွေအုပ်ဌာန ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်က “ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ၀န်ကြီးချုပ် ကိုယ်တိုင်ရောက်လာပြီးတော့ ဆန်အိတ် ၅၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီနေ့မှာပဲ အဲဒီ ဆန်အိတ်တွေကို သူတို့နား ခိုလှုံနေတဲ့နေရာတွေကို စက်လှေနဲ့ သွားပြီး လှူဒါန်းသွားမှာပါ။ ကျနော်အကုန် စုံစမ်းရသလောက် ဘုန်းကြီးကျောင်းတွေနဲ့ တောင်တွေမှာ ခိုလှုံနေကြရပါတယ်။ ကျနော်တို့ စာရင်းဇယာပြုစုထားတဲ့အရကတော့ မင်းပြားမြို့နယ်ဘက်မှာ လက်ရှိ ရေဘေးရှောင် ခိုလှုံသူအများဆုံးပေါ့။ အရေးကြီးကိစ္စတွေ ကျနော်တို့ဖက်က လုပ်ဆောင်နေပါတယ်”လို့ ပြောပါ တယ်။

လက်ရှိ ဒီနေ့ရတဲ့သတင်းကတော့ နစ်မြုပ်အိမ်တွေနဲ့ ရေနစ်မြုပ်မှုကြောင့်ဘေးလွှတ်ရာကို ပြောင်းရွှေ့သူ အမ်းမြို့နယ်မှာ လူနေအိမ် ၁၁၄၅ အိမ်၊ လူဦးရေ ၄၆၈၇ ဦး၊ မင်းပြားမြို့နယ်မှာ လူနေအိမ်ခြေ ၂၈၉၃၊ လူဦးရေ က ၁၂၀၁၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှာတော့ လူနေအိမ်ခြေ ၉၀ အိမ်၊ လူဦးရေ ၄၂၈ ဦး၊ ကျောက်တော်မြို့နယ်မှာ လူနေအိမ် ၁၃၀ အိမ်၊ လူဦးရေ ၆၅၈ ဦး၊ မြောက်ဦးမြို့နယ်မှာတော့ လူနေအိမ် ၇၇၁ အိမ်၊ လူဦးရေ ၃၆၉၆ ရှိပြီးလို့ လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013