DVB Logo
Home
Lead Story
အပစ်မရပ်သေးတဲ့အဖွဲ့တွေကို လေ့လာသူကနေ အဆင့်မြှင့်ဖို့ ဆွေးနွေးတာပါ - ဦးလှမောင်ရွှေ
DVB
·
July 8, 2016
အပစ်မရပ်သေးတဲ့အဖွဲ့တွေကို လေ့လာသူကနေ အဆင့်မြှင့်ဖို့ ဆွေးနွေးတာပါ - ဦးလှမောင်ရွှေ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ရေး လမ်းညွှန်ချက်နဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁ရာစုပင်လုံ) ကြိုတင်ပြင်ဆင်ရေးဆပ်ကော်မတီ ၁ က တာဝန်ရှိသူတွေက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်အဖွဲ့(PPST)ကို ရှင်းပြခဲ့ပါတယ်။ ရန်ကုန်မြို့က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံပွဲမှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ကနဦးပိုင်းတုန်းက ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်မယ့် လက်နက်ကိုင်အဖွဲ့အစည်း တွေဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ လိုတယ်၊ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် လွှတ်တော်အသီးသီးမှာ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် တနေရာ ရွေးချယ်တင်မြှောက်ခံရမည်လို့ သတ်မှတ်ထားတာကို ဖြေလျော့နိုင်ရေးနည်းလမ်းရှာခဲ့တာပါ။

ဇူလိုင်လ ၆ ရက်နေ့က ဆွေးနွေးဖြစ်ထွန်းမှုနဲ့ပတ်သက်လို့ ညီလာခံကြိုတင်ပြင်ဆင်ရေး ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမယ့် ဆပ်ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးလှမောင်ရွှေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

မနေ့က (ဇူလိုင်လ ၆ ရက်နေ့) တွေ့ဆုံပွဲမှာ ဘာတွေဆုံးဖြတ်နိုင်ကြသလဲခင်ဗျ။
“သူကတော့ အဆုံးအဖြတ်ပေးတဲ့ပွဲမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ သူက ညီလာခံကို ကြိုတင် ပြင်ဆင်တယ်၊ လုပ်ငန်းညှိနှိုင်းတယ်ဆိုတဲ့သဘောဆိုတော့ ဆွေးနွေးချက်တွေအနေနဲ့ပဲ ထားထားတာပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မူဝါဒဖြေလျော့မှုလုပ်တော့ အပစ်ရပ် ၈ ဖွဲ့ဘက်က ဘယ်လိုသဘေားထားရှိလဲ။ ဥပမာအားဖြင့် လက်မှတ်မထိုးဘဲ ညီလာခံတက်တာမျိုး၊ နောက်တခုက နိုင်ငံရေးပါတီတွေ (ကိုယ်စားလှယ်မရှိသည့်) က စီအက်စ်အိုဖိုရမ်မသွားတော့ပဲနဲ့ ညီလာခံတက်တာမျိုးနဲ့ပတ်သက်လို့လေ။
“လောလောဆယ်တော့ ၈ ဖွဲ့ကိုလည်း ကျနော်တို့ကော်မတီနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေ့ဆုံတဲ့ အချက်အလက်တွေကို ရှင်းပြတာပါပဲ။ သူတို့လည်း ဒါကို မှတ်သားသွားတဲ့ သဘောပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒါတွေအားလုံးကတော့ framework ဆွဲတဲ့အချိန်ရယ်၊ framework ကို အတည်ပြုတဲ့အချိန်ရယ်၊ နောက်ပြီး UPDJC Meetings (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးတွေ) ရယ်၊ အဲဒီမှာ ပြန်ပြီးအတည်ပြုရမှာ ဖြစ်တော့ အခုဟာကတော့ ဆွေးနွေးချက်တွေအနေနဲ့ပဲ ထားတဲ့သဘောပါပဲ။”

မကြာခင်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) ဥက္ကဋ္ဌတို့ရဲ့ ဆွေးနွေးညှိနှိုင်းချက်တွေကြောင့် Framework တို့၊ UPDJC တို့ကို ပြန်လည်ပြုပြင်ဖွဲ့စည်းမှုတွေ အပေါ်အများကြီး အကျုံးဝင် နိုင်မလား။
“UPDJC ဆိုတာကတော့ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ပြဌာန်းချက်အတိုင်း သွားတာဆိုတော့ Framework Review (မူဘောင်ပြန်သုံးသပ်ခြင်း) လုပ်တာတို့၊ Framework Drafting (မူဘောင်မူကြမ်းရေးဆွဲခြင်း) လုပ်တာတို့က အရေးကြီးပါတယ်။ အဲဒီထဲမှာတော့ လက်မှတ်မထိုးသေးလည်းပါလို့ရတဲ့ အနေအထားရှိတယ် ပေါ့ဗျာ။ နောက်တခုကတော့ UPDJC ဆိုတာတော့ လက်မှတ်ထိုးထားတဲ့သူတွေနဲ့ NCA အတိုင်းဖွဲ့တာဖြစ်တော့ UPDJC ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင်တော့ NCA လက်မှတ်ထိုးရမယ့် အနေအထားရှိတယ်။ ဒါပေမယ့် အခုဆွေးနွေးတာက သူတို့ကို အရင်တုန်းကလို Observer (လေ့လာသူ) မဟုတ်ဘဲနဲ့ Observer ထက်တဆင့်မြင့်တဲ့ Status (အဆင့်အတန်း) ကို ပေးနိုင်ဖို့ပေါ့ဗျာ။ နောက် သူတို့ရဲ့ သဘောထားတွေ၊ စာတမ်းဖတ်တာလို ပုံစံမျိုး အပါအ၀င်ပေါ့လေ၊ ဒါတွေက ညှိတော့ညှိကြရဦးမယ်။ လျော့ပေါ့မှုပေးတာမျိုး။ (ဒီဖြစ်ထွန်းမှု ကံသေကံမ မပြောနိုင်သေးတာက) အဲဒါက ကျနော်တို့က ပြောပေမယ့် တဖက်က အဖွဲ့အစည်း တွေရဲ့တုံ့ပြန်မှုကလည်း ရှိဦးမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်က ပါဝင်သင့်ပါဝင်ထိုက်သူတွေပါရေးဆိုတဲ့အပေါ် အန်စီအေ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ၊ ကိုယ်စားလှယ်မရလို့ စီအက်စ်အိုဖိုရမ်သွားရမယ်ဆိုတဲ့ နိုင်ငံရေးပါတီ တွေရောက အဓိကကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံကြီးမှာ တက်ရတော့မယ်လို့ ထင်မြင် ပြောဆိုချက်တွေရှိတယ်။ အဲဒါ အဖြေမှန် သိပါရစေ။
“တက်တာတော့ တက်မှာပေါ့ဗျာ။ တက်တာကို ကျနော်တို့ဖက်က အဆိုပြုတာကို တဘက်က အဖွဲ့အစည်းတွေဖက်က တုံ့ပြန်မှုကလည်း လိုဦးမှာပေါ့လေ။ အဲဒီတော့ အဲဒါတွေအားလုံးက ကျနော်တို့အဆိုပြုတယ်၊ သူတို့တုံ့ပြန်တယ်၊ ဒီပေါ်မှာ ညှိနှိုင်းတယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိမှာပေါ့။”

ဒါဆို ဦးလှမောင်ရွှေတို့ ကော်မတီတွေဘက်က ပြောနေတဲ့သဘောပဲရှိသေးတာပေါ့နော် ဟုတ်လား။
“ဒါပေါ့၊ ဒါပေါ့။ ကျနော်တို့ကတော့ ဒီလိုမျိုးစဉ်းစားချက်ရှိတယ်ဆိုတာကိုလည်း ရှစ်ဖွဲ့ကို တင်ပြမယ်။ ရှစ်ဖွဲ့ကလည်း စဉ်းစားမယ်ပေါ့။ နောက် ဦးအင်ဘန်လတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့တဲ့အချိန်ကျလို့ရှိရင်လည်း ဒါ သူတို့အနေနဲ့ ပြန်ပြီးဆွေးနွေးနိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။”

(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်သီတင်းပတ်မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်နိုင်တဲ့ ညီလာခံတရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013