DVB Logo
Home
Lead Story
အကောင်းတွေပဲ ပြောချင်တယ်
DVB
·
July 7, 2016
အကောင်းတွေပဲ ပြောချင်တယ်
Donate to DVB

မန္တလေးမှာ ဇွန် ၃၀ က အဆင့်မြင့် မင်္ဂလာဈေး ဈေးသူဈေးသား လူ ၂၀၀ လောက်က ဆန္ဒပြကြတယ်။ သူတို့ဆန္ဒပြ ကြွေးကြော်သံထဲမှာ မန္တလေးမြို့တော်ဝန်ကို အလိုမရှိဘူး ဆိုတာလည်း ပါတယ်။ ပြည်သူ့ဆန္ဒ၊ ဈေးသူဈေးသားတွေရဲ့ ဆန္ဒကို လျစ်လျူရှုလို့လို့လည်း ပြောကြတယ်။

မင်္ဂလာဈေး မီးလောင်တာက မတ်လ ၂၂ ရက်ကတည်းက။ အဲဒီတုန်းကတည်းကစပြီး မန္တလေးစည်ပင်သာယာနဲ့ ဈေးသူဈေးသားတွေ၊ အထူးသဖြင့် မြို့တော်ဝန်နဲ့ ဈေးသူဈေးသားတွေ သဘောထား ကွဲလွဲနေကြတာပေါ့။ ဒီမီးလောင်ခံရတဲ့ဈေးကို စည်ပင်ဘက်က အသစ် တည်ဆောက်မယ်လို့ ပြောတယ်။ ဈေးသူဈေးသားအချို့က အကြီးစားပြုပြင်မွမ်းမံတာကိုပဲ လိုလားကြတယ်ပေါ့။ အသစ်တည်ဆောက်လိုသူတွေလည်း ရှိကြပါတယ်။

ဒီလိုနဲ့ပဲ နှစ်ကြိမ်သုံးကြိမ် တွေ့ဆုံနေကြပေမယ့် ပြေလည်မှုမရတဲ့အပြင် ပိုလို့တောင် ပြင်းထန်လာကြတာက အခု ဆန္ဒပြကြတဲ့အထိပဲ ဆိုပါတော့။ မြို့တော်ဝန်ကို မနှစ်သက်တာက ဒီကိစ္စကြောင့်တင်တော့ မဟုတ်ဘူး။ ဘယ်သူ မြို့တော်ဝန်ပါလို့ အမည်သိလိုက်ရကတည်းက မန္တလေးသားတွေရဲ့ စိတ်ထဲမှာ တနုံ့နုံ့နဲ့။ လူတိုင်းလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။

ကနဦး မန္တလေးမှာ ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းထွက်လာတော့ ဒေါက်တာဇော်မြင့်မောင်လို့ သိလိုက်ရတာကို သိပ်ရင်မခုန်ကြဘူး။ အများက ထင်ကြေး ပေးထားသလို ဖြစ်နေတာကိုး။ ဒါပေမယ့် ဒေါက်တာဇော်မြင့်မောင်က အဆိုတင်သွင်းမယ့် မြို့တော်ဝန်အမည်စာရင်းကိုတော့ အတော်လေးကို စိတ်ဝင်စားကြတယ်။ သူလော ငါလောနဲ့။ ပါတီဝင်တည်းကပဲ ဖြစ်မလား၊ ဒါမှမဟုတ် ပါတီပြင်ပ နိုင်ငံရေးအင်အားစုတွေထဲကပဲ ဖြစ်မလားနဲ့ ထင်ကြေးတွေနဲ့ ကောက်ချက်ဆွဲကြည့်ကြတယ်။ တကယ်တန်းလည်း အမည်စာရင်းထွက်လာရော မန္တလေးမြို့ခံတွေ “ဟင်” “ဟာ” နဲ့ ဖြစ်ကုန်ကြတယ်။

မန္တလေးအတွက် ပေးဆပ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တိုင် တတိုင်မှ မစိုက်ထူဘူးတဲ့သူ အဖြစ်တမျိုး၊ ဒေါက်တာရဲလွင်ဆိုတာ လူနာတွေကို မျက်စိကုသပေးတဲ့နေရာမှာ အပြောကြမ်း၊ အတောင်းကြမ်း၊ အဟောက်ကြမ်းတဲ့သူလို့ နာမည်ထွက်နေတာက တကြောင်း၊ ပြီးတော့ ပါတီဝင်လည်း မဟုတ်၊ နိုင်ငံရေးအမြင်လည်း မရှိတဲ့သူလို့ မှတ်ချက်တွေ တသီကြီးပေးကြတယ်။

မန္တလေးကို အားလုံးထက် ပိုပြီး ကောင်းစေချင်တာ၊ မန္တလေးအတွက် အင်တိုက်အားတိုက် အလုပ်လုပ်ပေးမယ့်သူမျိုးကို လိုလားတောင့်တမှု ပြင်းထန်နေကြတဲ့ မန်းသားတွေမို့ လက်တွေ့ဖြစ်စဉ်တွေအပေါ်မှာ အားမလိုအားမရ ဖြစ်ကြတာလည်း ပါတယ်ထင်ပါတယ်။ ဒီလို အကောင်းဆုံး ဆိုတာတွေကိုပဲ ဖြစ်ချင်ကြတဲ့ မန်းသားတွေအဖို့ကတော့ မန္တလေးနဲ့ ပတ်သက်လို့ မကောင်းသတင်းလေးများ သဲ့သဲ့ကြားရရင်ကို ကြိတ်မနိုင်ခဲမရ၊ အားမလိုအားမရနဲ့ နေမထိ ထိုင်မသာ ဖြစ်နေတတ်ကြတာပါပဲ။

လူတိုင်းမှာတော့ အားနည်းချက် အားသာချက်ဆိုတာ ရှိစမြဲပါပဲ။ ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိစလောက် ရှားပါးတဲ့ခေတ်ကြီးပါ။ ဒါကြောင့် ကောင်းတာလေးတွေကိုပဲ ဖြည့်တွေးပြီး ကြည့် ကြည့်ရအောင်ပါ။ သေချာတာကတော့ မန္တလေး မြို့တော်ဝန်ကြီးဟာ ရိုးဂုဏ်ရှိတယ် ဆိုတာကတော့ ပေါ်လွင်ပါတယ်။

သူ့ရဲ့ နေ့စဉ်ဝင်ငွေက အခု အစိုးရပေးထားတဲ့ တလ၀င်ငွေလောက် ရှိနေတာကိုတောင် စွန့်လွှတ်ခဲ့၊ တသက်လုံး ဆည်းပူးခဲ့တဲ့ ပညာရပ်နဲ့ ကုသရေးတွေကို ထားပစ်ခဲ့ပြီး တချက်မှားတာနဲ့ အပြတ်ဝိုင်းနွှာကြမယ့် နေရာကို ရောက်လာရတာ။ ဒီလိုလူက မသမာတဲ့နည်းနဲ့ ရတဲ့ငွေ၊ ငိုစားရယ်စားငွေကို လက်ခံမတဲ့လား၊ လာဘ်ငွေအဖြစ် ယူမတဲ့လား။ ဒီလိုလူကတော့ ဘယ်တော့မှ လာဘ်စားမှာ မဟုတ်ဘူးလို့ ပြောလို့ ရပါတယ်။ သူ့လက်အောက်မှာ ရှိနေတဲ့ အချို့သော အကျင့်ပျက်ခြစား ၀န်ထမ်းတွေအပေါ်မှာ ကိုင်တွယ်ပုံ ကိုင်တွယ်နည်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုပဲ လေ့လာစောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။

ကဲ… ဒီကနေ့ မန္တလေးကိုကြည့်..........

အရင်တုန်းကဆိုရင် လေးလမ်းသွားဆိုတာ သိပ်မရှိဘူး။ အခုတော့ လမ်းကြားရယ်လို့တောင် သိပ်မရှိတော့၊ လမ်းမကျယ်ကြီးတွေချည်း ဖြစ်ကုန်ပြီ။ လမ်းမကြီးတွေပေါ်  ဆိုင်ကယ်များ မောင်းလိုက်ရင် ဝေါကနဲ၊ လျှောကနဲ။ ပြိုင်ကားတွေများ မောင်းလိုက်ကြပြီလားဆို ကားကသာ အိမ်တံခါးပေါက် ရောက်သွားမယ်၊ အသံက လမ်းမထက် ကျန်နေခဲ့တုန်း။

အရင်က ၈၄ လမ်းမကြီးဆိုတာ ကားတွေ အထပ်ထပ်နဲ့ ဘယ်လိုမှ ရှောင်လို့ကွင်းလို့ မရ၊ ကားတွေကို ရှောင်ရင်း လူတွေက လမ်းမတွေပေါ်က တက်လျှောက်ရနဲ့။ လူသွားလူလာကျဲ သိပ်မရှိတဲ့ ဈေးချို ခုံးကျော်တံတားက ကန့်လန့်ခံနေသေးတယ်။ အခုဆိုရင် ၈၄ လမ်းမကြီးမှာ သွားရလာရတာ အဆင်ပြေတယ်။ ခုံးကျော်လည်းမရှိတော့ လမ်းက ပိုကျယ်သွားတယ်။

ဘူတာကြီး ခုံးကျော် ဖြတ်သန်းခ ကောက်ခံတာလည်း ရပ်လိုက်ပြီ။ ဒါပေမယ့် အပေါ်မှာတော့ ကောက်နေတုန်းပဲတဲ့။ ကွမ်းယာစီမံချက်ကြောင့် လမ်းပေါ် ကွမ်းထွေးတာတွေတော့ တော်တော်လေး လျော့သွားပြီ။ ဆိုင်ကယ်တွေနဲ့ ဆွဲကြိုးဖြတ် လုယက်မှုတွေလည်း နည်းသွားပြီ။ တလုံး၊ နှစ်လုံး၊ သုံးလုံးတွေလည်း ပျောက်သလောက်ဖြစ်နေပြီ။ ရေဆိုးမြောင်းတွေကို ပြန်လည်ပြုပြင်နေတာလည်း မြင်နေရတယ်။

အရင်က ၀န်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့ဆိုတာ မီဒီယာတွေတွေ့ဆုံဖို့ တော်တော်လေး ခက်ခဲတာ။ ဟိုလိုရှောင်ထွက်၊ ဒီလိုရှောင်ထွက်နဲ့၊ အင်တာဗျူးရဖို့ဆိုတာ ကောင်းကင်က ကျလာတဲ့အပ်ကို ဖမ်းရသလိုပဲ။ အခုကြည့်..... မန္တလေးနဲ့ပတ်သက်လာရင် မီဒီယာတွေနဲ့တွေ့ပြီး ပြောတယ်၊ ဆွေးနွေးတယ်၊ အကြံဉာဏ်တွေလည်း ရယူတယ်။ မီဒီယာတွေ့ဆုံပွဲ လုပ်ပေးပါဆိုလည်း လုပ်ပေးတာပါပဲ။ မေးချင်တာတွေအားလုံးလည်း မေးခွင့်ရကြတယ်။ မီဒီယာတွေကို ၀န်ကြီးချုပ်က ငေါက်တယ်ဆိုတာကတော့ နည်းနည်းလွန်တာပေါ့။

ဘာပဲပြောပြောပါ....... ပြည်သူလူထုက ယုံကြည်လို့ တင်ထားတဲ့ ကိုယ့်အစိုးရပဲ။ ရက်ပိုင်းလောက် အချိန်လေးအတွင်းမှာ အပြစ်တွေချည်းပဲ ပြောမနေဘဲနဲ့ မှားနေတာတွေ့ရင် ထောက်ပြပြောဆို၊ အိုးတလုံးကို အိုးသည်က ပုံသွင်းသလို အကောင်းတွေချည်းဖြစ်ဖို့ ပြည်သူက အစိုးရကို ထိန်းညှိပေါ့။ အလုပ်လုပ်တဲ့သူဆိုတာ အမှားတွေလည်း ရှိမှာပါပဲ။ အမှားနည်းနိုင်သမျှ နည်းပြီး အကောင်းတွေချည်း ဖြစ်လာအောင်၊ ပြည်သူတွေ ယုံကြည်လက်ခံလာအောင် ပြည်သူကပဲ စောင့်ကြည့်ပြောဆို စေခိုင်းကြပေါ့။

သူတို့တွေ တကယ်အလုပ်လုပ်နေကြတယ် ဆိုတာကတော့ လက်တွေ့ မြင်တွေ့ နေကြတာပါပဲ။ သူများတိုင်းဒေသတွေလောက် ကိုယ့်မန္တလေးက ရှေ့မရောက်နိုင်တာကိုတော့ နားလည်ပေးရမယ် ထင်ပါတယ်။

ကဲ… အကောင်းတွေပဲ ရွေးပြောမယ်လို့ ပြောထားတဲ့အတွက် ကောင်းတဲ့ အချက်လေး တွေကိုပဲ ထုတ်နုတ်ထားတာပါ။ မြို့တော်ဝန်အနေနဲ့ လုပ်စရာတွေက များမှများပါပဲ။ ၆၈ လမ်းနဲ့ ၃၂ လမ်းက လေးလမ်းသွားဖြစ်နေပြီိ၊ ဒါပေမယ့် ဟိုဘက်သည်ဘက် နှစ်လမ်းက ကားတွေ အချိန်ပြည့် အစီအရီရပ်ထားလို့ နှစ်လမ်းပဲ သွားရနေပါတယ်။ လမ်း ၈၀ ကျုံးလမ်းတလျှောက် ပလက်ဖောင်းမှာ ဈေးဆိုင်တွေက ကိုယ်စီကိုယ်င နေရာယူထားလို့ လမ်းပျောက်နေပါတယ်။ လမ်း ၈၀ နဲ့ ၂၆ ထောင့်မှာ ကလေးငယ်လေးတွေကို ပွေ့ပိုက်ပြီး လက်ဝါးဖြန့် တောင်းခံနေတဲ့ ကလေးတွေ၊ လူကြီးတွေလည်း တိုးလာနေပါတယ်။ အသံချဲ့စက်တွေကို မိုင်ကုန်ဖွင့်ပြီး ဆရာတော်တွေရဲ့ အသံမစဲ ရွတ်ဖတ်ပူဇော်တာက မစသေး၊ ဂေါပက လူကြီးမင်းတွေရဲ့ မိုင်ကုန်ဟဲတာတွေကလည်း နားမခံသာ ဖြစ်နေပါတယ်။ လူနာမပါဘဲနဲ့ အချက်ပြမီးတွေ ဆက်တိုက်ဖွင့်ပြီး ကျုံးပတ်လည် ကားမောင်းပြိုင်နေတဲ့ အချို့သော နာမှုကားတွေနဲ့လည်း ကြုံနေရပါတယ်။

ဒါကြောင့် လုပ်ဆောင်စရာတွေက အများကြီးရှိနေသေးတဲ့အတွက် အကောင်းတွေပဲ ဖြည့်တွေးပေးနေသလို အစိုးရဘက်ကလည်း လုပ်ဆောင်ရမယ့် အရာတွေကို အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ပဲ လိုအပ်ပါတော့တယ်။

သင်းသင်းသော်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013