DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာလုံခြုံရေးအစောင့်အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရ
DVB
·
July 7, 2016
မဲဆောက်တွင် မြန်မာလုံခြုံရေးအစောင့်အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရ
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ လုံခြုံရေးအစောင့်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်အလုပ်ဖြုတ်ခံထားရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ "လောဘောဖော" လို့ခေါ်တဲ့ နေ့စောင့်၊ ညစောင့်၊ ဂိတ်စောင့် လုံခြုံရေး အလုပ်သမားတွေကို ငှားရမ်းမယ်ဆိုရင် ထိုင်းနိုင်ငံသားလည်းဖြစ်၊ ပညာအရည်အချင်း အနည်းဆုံး ၉ တန်း (မော-၃) အောင်မြင်သူလည်ဖြစ်ရမယ်ဆိုတဲ့  ပြဌာန်းချက်ကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဥပဒေအရ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံ ရတာ ပထမဆုံး ဖြစ်ပါတယ်။

အလုပ်ရှင်က ယာယီဖြုတ်လိုက်တယ်လို့ ပြောပေမယ့် ဘယ်အချိန်မှာ ပြန်ခန့်မယ်မသိကြောင်း ၊ တခြားနေရာမှာ သွားပြန်လျှောက်တော့လည်း မယူလို့ လောလောဆယ် အလုပ်လက်မဲ့ဖြစ်နေပြီး နစ်နာကြေးရလိုကြောင်း ၈ နှစ်ကြာ အစောင့်လုပ်ခဲ့သူ ကိုအောင်တင်က ခုလိုပြောပါတယ်။

"ကျနော်က ဒီလ ၁ ရက်နေ့ကစပြီး နားရတယ်၊ အလုပ်ရှင်က ယာယီရပ်ဆိုင်းတယ်လို့တော့ ပြောတာဘဲ၊ ကျနော်က အစောင့်လုပ်လာတာ ၈ နှစ်ရှိပြီ။ ထိုင်းစကားကောင်းကောင်းပြော တတ်တယ်၊ တခြားမှာအလုပ်သွားလျှောက်တော့ ထိုင်းကျောင်း ၉ တန်းအောင်မှ ယူမယ်လို့ ပြောတယ်။ အခုအလုပ်ပြုတ်နေတာ ၆ ရက်ရှိပြီ။ ကျနော့်အသိထဲက   အလုပ်ဖြုတ်ခံ ရတဲ့သူ ၂၀ လောက်ရှိတယ်၊ သူတို့လည်း ၆ နှစ် ၇ နှစ်လုပ်လာတဲ့လူတွေရှိတယ်။ မဲဆောက်က စက်ရုံအလုပ်ရုံတွေ အများကြီး၊ အစောင့်တွေကလည်း ကရင်တွေ မြန်မာတွေဘဲဆိုတော့ ရာနဲ့ချီအဖြုတ်ခံရမယ်ထင်တယ်။ အခုလိုအလုပ်ဖြုတ်လိုက်တော့ ဥပဒေအရ နစ်နာကြေးတွေ လိုချင်တယ်။"

ထိုင်းအလုပ်သမားဥပဒေအရ အစောင့်တစ်ဦးရဲ့ လစာဟာ တနေ့ ဘတ် ၃၀၀ ရရမှာဖြစ်ပေမယ့် သူတို့ကတော့  တလ ဘတ် ၄၁၀၀ (တနေ့ ဘတ် ၁၅၀ ခန့်) သာရရှိခဲ့ကြောင်း၊  အလုပ်က နားရက်မရှိ၊ တစ်ရက်နားရင် ဘတ် ၂၀၀ ပြန်ဖြတ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လက လစာလည်းကနေ့ထိ မရသေးတဲ့အတွက် အလုပ်ရှင်ဆီက နစ်နာကြေးရမယ် မရဘူးဆိုတာ မသိဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးကလည်း မဲဆောက်မှာ အလုပ်ဖြုတ်ခံရတဲ့ လုံခြုံရေးအစောင့် မြန်မာအလုပ်သမား တစ် ရာကျော်ရှိပြီး  ရသင့်ရထိုက်တဲ့ နစ်နာကြေးမရရင် မြန်မာအစိုးရထံ စာပေးပို့ အကူအညီ တောင်းမယ်လို့  ပြောပါတယ်။

“ဖြုတ်ခံရတဲ့ လူတွေ တစ်ရာကျော်ရှိတယ်။ အဲဒီထဲမှာ အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ်ထိ လုပ်လာတဲ့သူတွေရှိတယ်။ ထိုင်းအလုပ်သမားဥပဒေအရဆိုရင် အနည်းဆုံးလေးလ လုပ်ကိုင် လာတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်ဆိုရင် လုပ်သက်အလိုက်နစ်နာကြေး ပေးပြီးမှ အလုပ်ဖြုတ်ခွင့်ရှိတယ်။ ၃ နှစ်လုပ်လာရင် နစ်နာကြေး ၃ လစာ၊ ၆ နှစ်လုပ်ခဲ့ရင် နစ်နာကြေး ၆ လစာ ထုတ်ပေးရမယ်၊ သို့သော်လည်း နစ်နာကြေးမရဘဲနဲ့ အလုပ်ဖြုတ်ခံရတယ်ဆိုတာ ဖိအားပေးပြီး အလုပ်ဖြုတ်ခံရတယ်ဆိုတာ အလုပ်သမားအခွင့်အရေး အလုပ်သမားဥပဒေကို ပြောင်ပြောင် တင်းတင်းချိုးဖောက် လိုက်တာဘဲ၊ ဒါကြောင့်  နိုင်ငံတော်အတိုင်ပင်ခံရုံး ကို စာပို့မယ်၊ အလုပ်သမားဝန်ကြီးဆီကို စာပို့မယ်၊ အခုပြင်နေတယ်။ နှစ်နိုင်ငံဥပဒေ လမ်းကြောင်း အတိုင်းသွားမှာပေါ့ဗျာ။”

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း လုံခြုံရေးအစောင့်အလုပ်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ပိုင်ခွင့်မရှိတာကို ထိုင်းတာဝန်ရှိသူတွေက အသိပေးအကြောင်းကြားတယ်လို့ မက်ပ်ဖောင်ဒေးရှင်းက တာဝန်ခံ ဖိင်းက ပြောပါတယ်။ ဒါပေမယ့် တစုံတရာ ဖမ်းဆီးတာ အလုပ်ဖြုတ်တာတော့ မကြားသိရသေးဘူးလို့ဆိုပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေဟာ အိမ်ဖော်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာဘဲ လုပ်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013