DVB Logo
Home
မြန်မာသတင်း
ဆရာစံရုပ်ကြွင်းအား တူးဖော်ရန် စတင်အကောင်အထည်ဖော်
DVB
·
July 7, 2016
ဆရာစံရုပ်ကြွင်းအား တူးဖော်ရန် စတင်အကောင်အထည်ဖော်
Donate to DVB

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင် သာယာဝတီမြို့မှာ တောင်သူလယ်သမား တော်လှန်ရေးခေါင်းဆောင် ဆရာစံရဲ့ရုပ်ကြွင်း ရှာဖွေရေး ပြုလုပ်နေပါတယ်။

ဆရာစံရုပ်ကြွင်းကို ရှာဖွေဖို့ လုပ်နေတာ ကြာပြီဖြစ်ပြီး အခုမှ စတင် အကောင်ထည်ဖော်တာလို့ သာယာဝတီဆရာစံလူငယ်များအဖွဲ့ဝင် ဦးအောင်ထွန်းညွန့်က ပြောပါတယ်။

ကျနော်တို့က “ဆရာစံရုပ်ကြွင်းကိုရှာဖို့ လုပ်နေတာကြာပါပြီ၊ အခုစတင်အကောင်အထည်ဖော် တာပါ၊ ဆရာစံရဲ့မြေး မြစ်တွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်ရယ်၊ ဆရာမကြီး ဒေါ်စိန်စိန်ရဲ့ နှင်းသက်ဆယ်ပြန်ဝတ္ထုထဲမှာပါတဲ့ အချက်အလက်တွေကို စုဆောင်းပြီး သာယာဝတီအကျဉ်းထောင်ရဲ့တောင်ဘက်မှာရှိတဲ့ ထောင်သင်္ချိုင်းမှာမြေမြှုပ်ထားတယ်လို့ သိရပါတယ်။”

ဆရာစံတပ်ဖွဲ့ ဝဲရွာတိုက်ပွဲမှာ ခေါင်းဖြတ်သုတ်သင်ခဲ့တယ်လို့ဆိုတဲ့ ဗြိတိသျှအရာရှိ HORCE VIVIAN WELLESLEY FIELDSCLARKE ရဲ့ စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ အုတ်ဂူကိုတော့ ကရင်သုသာန်မှာ တွေ့ထားတယ်လို့ ဆိုပါတယ်။

ဆရာစံရဲ့ အုတ်ဂူကိုတော့ သေချာလေ့လာပြီး ရှာဖွေနေဆဲဖြစ်ပြီး အခုမိုးရာသီကုန် တူးဖော်နိုင်ဖို့ မျှော်လင့်ထားကြောင်း အစိုးရကိုလည်း တင်ပြသွားမယ်လို့ ဦးအောင်ထွန်းညွန့်က ပြောပါတယ်။

“ဆရာစံမြေမြှုပ်ထားတဲ့ နေရာကိုတော့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ရှာလို့တွေ့ထားပါပြီ၊ မတူးဖော်ရသေးပါဘူး။ ရှေးလူကြီးတွေရဲ့ ပြောပြချက်အရ ဆရာစံက ဂမ္ဘီရပညာတွေ တတ်မြောက်တဲ့အတွက် မြေလျှိုးမိုးပျံမှာဆိုးလို့ဆိုပြီး ဆရာစံကို မြေမြှုပ်ရာမှာ ရုပ်အလောင်းပေါ် ပုလင်းကွဲ တထပ်၊ သံစူးကြိုးတွေက တထပ်နဲ့အထပ်ထပ်ပြုလုပ်ပြီးမှ မြေမြှုပ်ထားတယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ မြေပုံမှာ သံတိုင်မှတ်တိုင်တခုရှိပါတယ်၊ အခုတော့ မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ကျနော်တို့က အထောက်အထား အပြည့်အစုံ ဖြစ်အောင်လို့ သေချာလေ့လာပြီး ရှာဖွေနေတာပါ။ ခုကတော့ နေရာအတိအကျ သိရအောင် ရှာဖွေနေတုန်းပါ။ မိုးကုန်ရင်တော့ စတင်တူးဖော်မှာပါ။ အဲ့ဒီအတွက် နိုင်ငံတော်အစိုးရကိုလည်း တင်ပြသွားမှာပါ။ သူတို့ခေတ်တုန်းက သူပုန်လိုသတ်မှတ်ပေမယ့် ကျနော်တို့ကတော့ သူရဲကောင်းပါပဲ။ ဒါကြောင့် ဆရာစံရဲ့ရုပ်ကြွင်းကို ရှာဖွေတာဖြစ်ပါတယ်။”

သာယာဝတီမြို့မှာ ဆရာစံအထိမ်းအမှတ်နေရာ ၃ ခုရှိပါတယ်။ သာယာဝတီမြို့ပေါ်မှာ ဆရာစံ ပန်းခြံနဲ့ ကြေးရုပ်နေရာရယ် ဖားရွှေကျော်ကျေးရွာအုပ်စုမှ ဆရာစံလွမ်းစေတီနဲ့ အောင်မြေကုန်း ရယ် အလံပြကုန်မှ ဆေမှီရင်း စုတ်ထိုးခဲ့သည့် အလံပြလွမ်းစေတီရယ်ရှိပါတယ်။ ဆရာစံရုပ်ကြွင်းကို ရှာဖွေတွေ့ရှိရင် အများပြည်သူတွေရဲ့ ဆန္ဒမေးပြီး အထိမ်းအမှတ်အနေနဲ့ တနေရာမှာပြုလုပ်သွားမှာပါလို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ပြောပါတယ်။

တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး အာဇာနည် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံအား သာယာဝတီထောင်မှာ ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် စနေနေ့ မနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကြိုးပေးကွပ်မျက်ခံရပါတယ်။ ဆရာစံကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီး ဆင်နွှဲမှုနဲ့ပတ်သက်ပြိး ဗြိတိသျှအစိုးရရဲ့ အစီရင်ခံစာအရ ၁၉၂၉ – ၃၀ ခုမှာ ကြိုးဒဏ်ခံရသူပေါင်း ၇၆ ယောက် တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၂၁၈ ယောက်ရှိခဲ့ပါတယ်။ ၁၉၃၀ – ၃၁ ခုမှာ ကြိုးဒဏ်ကျခံရသူပေါင်း ၁၄၄ ယောက်၊ တသက်တကျွန်းကျခံရသူ ၁၈၆ ယောက်၊ ၁၉၃၁ -၃၂ တွင် ကြိုးဒဏ်ကျခံရသူပေါင်း ၁၁၂ ယောက်၊ တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၄၈၆ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

သတင်း - မေသွယ် (CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013