DVB Logo
Home
Lead Story
မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ်
DVB
·
July 6, 2016
မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ်
Donate to DVB

မိတ်ဆွေများ သို့ အိပ်ဖွင့်ပေးစာ (၄)

တင်မောင်သန်း

ဒေါက်တာ တင့်ဆွေသို့...

အစ်ကိုလေးရေ... ကျန်းမာရေးကုသမှု စကားနဲ့ ပြောရမယ်ဆိုရင်၊ မူဝါဒချမှတ်တဲ့ ဖြစ်စဉ်ဆိုတာ ရောဂါရှာဖွေပြီး၊ ကုထုံးသတ်မှတ်တဲ့ ဖြစ်စဉ်လို့ ပြောရမှာပါ။  အစိုးရရဲ့ ဗျူရိုကရေစီ က ဆေးရုံ၊ ဆေးခန်းနဲ့ တူပါတယ်။  လူနာက တိုင်းပြည်လို့ တင်စားပြောကြပါစို့။  နိုင်ငံရေးအရ၊ ရွေးကောက် တင်မြှောက်ပြီး တက်လာတဲ့ ခေါင်းဆောင်တွေကတော့ လူနာရှင်တွေလို့ နားလည်နိုင်ပါတယ်။

ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ ပြဿနာတွေက အများကြီးပါ။ လူမှုရောဂါတွေလို့ နားလည်နိုင် ပါတယ်။  ဘယ်လို ဖြေရှင်းလိုက်ရင် ကောင်းမယ်လို့ ပြောကြတဲ့သူတွေကလည်း အမျိုးမျိုးအဖုံဖုံ ရှိကြမှာပါ။ လူနာ မေးသွားကြသလိုပေါ့။ ဘာဖြစ်တာထင်တယ် လို့ ထင်မြင်ချက်ပေးကြသူ အမျိုးမျိုး ကိုလည်း ကြုံဖူးကြမှာပါ။ ကွမ်းရွက်ပြုတ်လေး သောက်လိုက်ပါလားဆိုတာက အစ၊ ဆေးခန်း သွားပြဖို့အဆုံး ကုထုံးအကြံဥာဏ် ပေးကြတာလည်း ကြားဖူးကြမှာပါပဲ။ လူနာရှင်မှာလည်း သူ့လူနာ ဘာဖြစ်နေတယ်လို့ ယူဆချက်ရှိပေတာပေါ့။  ရန်ကုန်ဆေးရုံကြီးကို အပ်မလား။  ဘန်ကောက်ဆေးရုံကို သွားအပ်မလား။ စင်ကာပူဆေးရုံကို သွားအပ်မလား...လူနာနဲ့ လူနာရှင်တွေက ဆုံးဖြတ်ကြတာ မဟုတ်လား အစ်ကိုလေး။

အဲဒီလို လူနာရှင်တွေနဲ့တူတဲ့ အနယ်နယ်အရပ်ရပ်က ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ အမတ်တွေက မြန်မာပြည်ရဲ့ ကျန်းမာရေး ပြန်လည်ထူထောင်လာအောင်လို့ ဦးစီးဦးဆောင် ဆောင်ရွက်နိုင်မယ့် သူတွေကို ရွေးချယ်ခန့်အပ်လိုက်တဲ့အခါ၊ အစိုးရ ရယ်လို့ ဖြစ်လာပါတယ်။  ဒီ အစိုးရက ဆေးရုံဆေးခန်းနဲ့တူတဲ့ ဗျူရိုကရေစီကို အားကိုးပြီး၊ လူမှုရောဂါတွေကို ကုသဖြေရှင်း ရတော့တာကိုး။

ဒီလို ကုသဖြေရှင်းတဲ့အခါ၊ အစ်ကိုလေးရေ .. ရောဂါ ရှာဖွေသတ်မှတ်တာ နဲ့ စကြရပေတာပေါ့။ ကုထုံးက အဲဒီ သတ်မှတ်ချက်ပေါ်မှာ မူတည်တာ မဟုတ်လား။ လူနာရှင်က ဆရာဝန်ကို လာတွေ့ တဲ့အခါ၊ အအေးပတ်သွားတာ ဆရာလို့ ပြောချင်ပြောမှာပေါ့။  ဒါပေမဲ့ ဆရာဝန်က သူနားလည်တဲ့ ပညာနဲ့ လူနာပြောတာကို နားထောင်တယ်။  ကြည့်တယ်။  စမ်းသပ်တယ်။  ပြီးတော့ တွေ့ရှိချက် တွေကို ရေးမှတ်မယ်။  ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့သမျှ ရောဂါတွေကို လေ့လာ သုတေသန ပြုပြီး၊ ဘယ်လက္ခဏာနဲ့ ဓာတ်ခွဲစစ်ဆေးမှု ဘာတွေ့ရင် ဘာရောဂါဖြစ်တယ်ဆိုပြီး လက်တွေ့တွေ ကို ပြန်လည်ပေါင်းချုပ် ဆင့်ပွားသင်ယူခဲ့ရတဲ့ ပညာအခံနဲ့ ဆရာဝန်က လူနာကြုံတွေ့နေရတဲ့ ဝေဒနာနဲ့ သူ့တွေ့ရှိချက်တွေကို သုံးသပ်စဉ်းစားပြီး လူနာမှာ ဖြစ်နေတာကတော့ ဘာရောဂါလို့ ထင်မြင်ချက် သတ်မှတ်ပါတယ်။ ဒါက ပထမအဆင့်။  ဒါနဲ့ ဆရာဝန်ပြောတဲ့ ရောဂါက အတည် မသတ်မှတ်နိုင်သေးပါဘူး။  သူ့ထင်မြင်ချက် ဟုတ်မဟုတ်ကို သွေး၊ ဆီး၊ ၀မ်း စစ်ကြည့်မယ်။  ဓာတ်မှတ်ရိုက်တန် ရိုက်မယ်။  ဒါ့ထက် ပိုပြီး စက်ပိုင်းဆိုင်ရာ အသုံးပြုဖို့လိုတယ်လို့ ယူဆရင်၊ စီတီ စက်၊ အမ်အာရ်အိုင် စက်တွေနဲ့ စစ်ဆေးကြည့်မယ်။  အဲဒီအဖြေတွေ ရလာပြီးမှ ရောဂါကို သတ်မှတ်တာ မဟုတ်လား အစ်ကိုလေး။ ကုထုံးက အဲဒီရောဂါ အနေအထားပေါ်မှာ မူတည်မှာ ပေါ့။

ဒီလို ရောဂါသတ်မှတ်ကုသပုံကို နမူနာယူပြီး၊ လူမှု ပြဿနာတွေကိုလည်း စနစ်တကျလေ့လာ သတ်မှတ်နိုင်အောင် ကြိုးစားလာကြပါတယ်။ ဒါကို မူဝါဒပိုင်းခြား လေ့လာသုံးသပ်တယ်လို့ ခေါ်တာပါ။  အဲဒီလို ပြဿနာအရင်းခံက ဘာဖြစ်တယ်ဆိုတာ သတ်မှတ်ပြီး ဘယ်လို ဖြေရှင်းမယ် လို့ ပြောဆိုတာကို မူဝါဒလမ်းကြောင်း ချတယ်။  ဒါမှမဟုတ် မူဝါဒကို အသေးစိတ် ပြောတယ်လို့ ဆိုကြတာပါပဲ။

အဲဒီ မူဝါဒ ပိုင်းခြားလေ့လာသုံးသပ်တဲ့ သဘောကို လက်တွေ့ပြဿနာတရပ်နဲ့ ဆက်စပ် ကြည့်ကြရအောင်ပါ။  ရန်ကုန်မြို့မှာ ကားကြပ်တဲ့ ပြဿနာကို ပြောကြရအောင်နော။  ကျွန်တော် က မြို့ပြ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူ မဟုတ်ပါဘူး။  ဒါကြောင့် အသေးစိတ် ကျွန်တော် ပြောနိုင်မှာ မဟုတ်ပါဘူး။  မူဝါဒ လေ့လာရေးသဘော ထောင့်ကနေ ဒီပြဿနာကို ကျွန်တော် ကြိုးစား ကြည့်. .. ကြည့်ပါမယ်။

ပြဿနာတရပ်ကို ကြည့်ပြီဆိုတဲ့အခါ၊ လက်ရှိ ဖြစ်နေတာက ဘာလဲဆိုတာကိုသိဖို့ အရင် အားထုတ်ရတာပါ။  ဒီအတွက် သတင်းအချက်အလက်ရရှိနိုင်တဲ့ သူတွေကို ကျွန်တော် တွေ့ဆုံ မေးမြန်းရမှာပါ။  အဲဒီ သူတွေကတော့ ယာဉ်ထိန်းတွေ၊ အငှားကားမောင်းသူတွေ၊ ဘတ်စ်ကား မောင်းသူတွေ၊ ဘတ်စ်ကား စီးသူတွေ၊ လမ်းသွားလမ်းလာ ပြည်သူတွေ စတဲ့သူတွေကို တွေ့ရမှာပါ။  ဒါ့အပြင် ဘယ်နေရာတွေမှာ ကြပ်တာလဲ၊ ဘယ်အချိန်မှာ ကြပ်တာလဲ၊ ဘာကြောင့် ကြပ်တာလဲ၊ အဲဒီလို ကြပ်တဲ့အတွက် ဘာဖြစ်လာသလဲ၊ ကြပ်တဲ့နေရာမှာ ကားတွေက ဘယ်လောက် အကွာအဝေးအထိ ရှည်သွားသလဲ။  အချိန် ဘယ်လောက် စောင့်ရသလဲ အစရှိတဲ့ သိစရာတွေက အများကြီးပါ။  ဒါက သဘောလောက် ပြောတာဖြစ်ပါတယ်။  ဒီလိုမေးရတာ တခြားကြောင့် မဟုတ်ပါဘူး။  ကြပ်တဲ့အကြောင်းကို ပိုအသေးစိတ်သိဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။  ကျောင်းဆင်း ကျောင်းတက်ချိန်မှာ ကျောင်းကြိုကားတွေကြောင့် ကြပ်တာလား။  အဲဒီကျောင်းမှာ ကျောင်းကားနဲ့လာတဲ့ ကျောင်းသားအရေအတွက်၊ ဘတ်စ်ကားနဲ့လာတဲ့ ကျောင်းသား အရေအတွက်၊ ကိုယ်ပိုင်ကားနဲ့ ကျောင်းပို့တဲ့ ကျောင်းသားအရေအတွက် ကျောင်းမှာ ကောက်ယူထားတာ ရှိသလား။  အဲဒီကျောင်းကကော မီးပွိုင့်နဲ့ အနီးအဝေး ဘယ်လောက် ရှိသလဲ။  ဘတ်စ်ကားမှတ်တိုင်နဲ့ အနီးအဝေးကော ဘယ်လောက် ရှိသလဲ။

ကားတွေ သွားလာကြပုံကိုလည်း သိဖို့ လိုပါသေးတယ်။  မြို့ရဲ့ ဘယ်အပိုင်းကို ကားတွေက မနက်ပိုင်းမှာ ဦးတည်သွားကြသလဲ။  ကားအရေအတွက် ဘယ်လောက်က ဘယ်အချိန်အတွင်း မှာ အသွားအများဆုံးလဲ။  ဘယ်လမ်းတွေကို အသုံးများဆုံးလဲ။  လမ်းမကြီးတခုပေါ်မှာ အချိန်ပေါ် မူတည်ပြီး ကားသွားလာပုံ မတူတာ ရှိသလား။ ဘယ်လို မတူတာလဲ။ ဥပမာ ပြည်လမ်းမကြီး ပေါ်မှာ ရုံးတက်ချိန် ၈ နာရီ ကနေ ၁၀ နာရီအတွင်း သွားလာပုံက ဘယ်လိုလဲ။ ကျန်တဲ့ အချိန် နာရီအလိုက် သွားလာပုံက ဘယ်လိုလဲ။  မြို့ပြင်ကို ဦးတည်သွားတဲ့ ကားက မြို့တွင်းကို ဦးတည် သွားတဲ့ ကားရဲ့ ရာနှုန်း ဘယ်လောက်ရှိသလဲ။ ဒါက သဘောလောက် မေးခွန်းတွေပါ။  ဒါ့ထက်ပိုသိရမှာတွေ ရှိနိုင်ပါတယ်။

လမ်းစည်းကမ်း လိုက်နာမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ရှိနိုင်ပါသေးတယ်။ လူတွေ လမ်းကူး ဖြတ်ကြပုံ၊ ဘတ်စ်ကားတွေ ရပ်ပုံ၊ အငှားကားတွေ လမ်းယူပုံ၊ ရပ်ပုံ စသဖြင့် ကြည့်ရဦးမှာပါ။

ဒါ့အပြင် လက်ရှိ ယာဉ်ကြော ရှင်းနေတဲ့ စနစ် က ကော ဘာလဲ။  ယာဉ်ထိန်းတွေ က မီးပွိုင့် ကို ချုပ်ထိန်း ရှင်းနေတယ်ဆိုရင်၊ အနီ၊ အစိမ်းကို အချိန် ဘယ်လောက်ကြာကြာ ချုပ်ထိန်းထားသလဲ။  မီးပွိုင့် တခုနဲ့တခု ဆက်သွယ်ချုပ်ထိန်းတာလား။  သူ့သဘောအလျောက် မီးပွိုင့်တခုချင်းစီကို ချုပ်ထိန်းနေကြတာလား။  အဲဒီလို ချုပ်ထိန်းပုံနဲ့ ကားကြပ်ပုံ အဆက်အစပ် ရှိသလား။  စသည် .. စသည် ... လေ့လာစရာတွေပါ။

အစ်ကိုလေးရေ ... ဒါက သဘေမျှကြည့်ရှုချက် ဖြစ်ပါတယ်။ သေချာလေ့လာချက် မဟုတ်သေး ပါဘူး။ ဆေးကုသရေး စကားနဲ့ ပြောရမယ်ဆိုရင်တော့ လူနာကို မြို့လိုက်လိုက်ပြနေရင်း၊ ဆရာဝန် တွေ လုပ်ပုံကိုင်ပုံလေးကို မြင်ဖူးလာတဲ့ ကျေးလက်အကျိုးဆောင် တစ်ယောက်က ရွာပြန်အရောက် ဒီလိုဒီလို လုပ်တာကွလို့ ပြန်ပြောပုံမျိုးနဲ့ ကျွန်တော်က ပြောနေတာ ဖြစ်ပါတယ်။  ကျွန်တော့် အနေအထားက မြို့ရောက်ဖူးသူ တစ်ယောက်လောက် အဆင့်ပါ။  မြို့ပြ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူ တစ်ယောက်ရဲ့ ပညာ ကျွန်တော့်မှာမှ မရှိတာ။

ရန်ကုန်မြို့ ရဲ့ သယ်ယူပို့ဆောင်ရေး မူဝါဒ ချမှတ်နိုင်ဖို့ သေချာ လေ့လာချက် လုပ်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူတွေ လုပ်လေ့ရှိတဲ့ လုပ်ပုံကိုင်ပုံမျိုး နဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။  ဒါဖြင့် သူတို့ လုပ်ပုံကိုင်ပုံက ဘာလဲ။  ဘယ်လိုလုပ်သိနိုင်မလဲ။  အကောင်းဆုံးကတော့ ကျွမ်းကျင်သူကို ခေါ်ပြီး လေ့လာဖို့ အပ်လိုက်တာပါပဲ။  တနည်းပြောရင် ရောဂါကို ဆရာဝန် ပြတာပေါ့။  စံအားဖြင့် ပြောမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှာ အဲဒီလို ကျွမ်းကျင်သူတွေ ရှိရမှာပေါ့ အစ်ကိုလေးရာ။  ဒါပေမဲ့ အဲဒီလို ကျွမ်းကျင်သူတွေ မရှိဘူးဆိုပါတော့။ အဲဒီလို လုပ်တဲ့ လုပ်ငန်း ကလည်း ပြတ်သွားခဲ့ပြီ ဆိုပါတော့။  ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

အင်တာနက်မှာ ရှာကြည့်ရမှာပေါ့ အစ်ကိုလေးရာ။ ကားကြပ်တာ မြန်မာပြည်မှာ ဖြစ်တာက ၂၀၁၃ လောက် မှ စတာ။  ကမ္ဘာမှာ ဒီ ပြဿနာက ကြာလှပြီ။  တခြား နိုင်ငံတွေ ဒီလိုမျိုး ပြဿနာတွေ ကို ဘယ်လို ကိုင်တွယ်ကြသလဲရှာကြည့် အများကြီး ရနိုင်တာပေါ့။  ဒီအခါ ကိုယ်က ပညာရှင် မဟုတ်ပေမဲ့၊ ပြဿနာကို “ပညာ”အမြင်နဲ့ ကြည့် စဉ်းစားလို့ ရလာနိုင်ပါတယ်။  ခုပဲ ကျွန်တော် အင်တာနက်မှာ ရှာကြည့်လိုက်တယ်။  လန်ဒန် အင်ပီရီယယ် ကောလိပ် (Imperial College London)က စာတမ်းတစ်စောင်က သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲပုံ တိုင်းတာချက်ထောင့်ကနေ တင်ပြထားတာ တွေ့ရပါတယ်။  ပြည့်မီအောင် ဆောင်ရွက်နိုင်မှု တိုင်းတာချက် သော့ချက်ကျ အညွှန်းကိန်းတွေ (KPI – Key Performance Indicators)ကို ဘယ်လို မူဘောင်နဲ့ ဖော်ထုတ်မလဲ ဆိုတာ ကို ဆွေးနွေးပါတယ်။  ခုလို ပုံ လေး နဲ့ ပြထားတယ် အစ်ကိုလေးရ။

မြို့ပြ ယာဉ်သွားလာမှု စီမံခန့်ခွဲရေးလုပ်ငန်း (traffic management) ကို တိုင်းတာရာမှာ ခေါင်းစဉ် ၄ ရပ် နဲ့ ကြည့်တယ်ဗျ။

၁။  ယာဉ်ကြော ချောမွေ့မှု

၂။  လုံခြုံ စိတ်ချရမှု

၃။  လူမှု အသိုက်အ၀န်း ပါဝင်ရေးနဲ့ မြေ အသုံးပြုမှု

၎။  ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေး

အစ်ကိုလေးရေ ... ကျွန်တော် အထက်ကပြောခဲ့တဲ့ မေးခွန်းတွေက ယာဉ်ကြောချောမွေ့မှုနဲ့ပဲ ပတ်သက်တာကို တွေ့ရပါလိမ့်မယ်။ ခုဆောင်းပါးကိုရေးတဲ့ တဒင်္ဂခေါင်းထဲ ပေါ်လာတဲ့ မေးခွန်းတွေသာ ဖြစ်ပါတယ်။ ထောင့်စေ့အောင် ကြည့်ထားတာ မဟုတ်ပါဘူး။  ဒါတောင် အချက်အလက် ကောက်ယူရေးထောင့်က ပြောရင်တော်တော်လေး အလုပ်လုပ်ကောက်ယူရ မှာပါ။ အဲဒီ ပုံအရ၊ ယာဉ်ကြောချောမွေ့မှု အောက်မှာသွားလာနိုင်မှု (mobility)၊ စီမံဆောင်ရွက်ချက် တွက်ခြေကိုက်မှု (operational efficiency)၊ စနစ်ရဲ့ အခြေအနေ (system condition)၊ နဲ့ အားထားနိုင်မှု (reliability) ဆိုပြီး ခေါင်းစဉ် ၄ ခု အောက်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေပါသေးတယ်။

အဲဒီထောင့်တွေကနေ ပြဿနာတွေကို လေ့လာကြည့်ရှုနိုင်ရင် ဖြေရှင်းပုံကလည်း ပိုကောင်းပေ နိုင်တာပေါ့ အစ်ကိုလေး။  အဲဒီလောက် မသွားနိုင်ဘူး ဆိုရင်တောင်၊ လက်ရှိ ပြဿနာတွေ ကို သေချာ ထဲထဲဝင်ဝင် လေ့လာကြည့်ရှုနိုင်ရင် ကို ဖြေရှင်းပုံ က မဆိုးနိုင်ဘူး ထင်ပါတယ်။  ဥပမာ ဘတ်စ်ကားတွေ စည်းကမ်းမရှိဘူး လို့ ပြောကြပါတယ်။  ဘာကြောင့် စည်းကမ်း မရှိတာလဲ ဆက်လက် စူးစမ်းဖို့ မလိုပေဘူးလား။  အဲသလို စူးစမ်းလိုက်တဲ့အခါ၊ ဘတ်စ်ကားဆရာတွေရဲ့ လုပ်ခပေးပုံနဲ့ ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။  ဘတ်စ်ကားဆရာတွေက ကုမ္ပဏီ ၀န်ထမ်း မဟုတ်ဘူး။  ခေါက်ကြေးရငွေပေါ်မှာ ခိုင်နှုန်းစား စနစ်နဲ့ အလုပ်လုပ်နေကြတာပါ။  ဒီတော့ ခရီးသည်များများရဖို့ ကားကို အလုအယက် မောင်းကြရပါတယ်။  မှတ်တိုင်မှာ ရပ်ပြီဆိုရင်လည်း နောက်မှတ်တိုင်မှာ ဦးဖို့ ပုံမှန်ကျော်တက်ရမယ့် လမ်းကြောမှာ ခေါင်းကိုတည်ပြီး ရပ်တော့ ယာဉ်ကြော ၃ ကြောရှိတဲ့ လမ်းမှာ ဘတ်စ်ကားရပ်ပုံကြောင့် ယာဉ်ကြော ၂ ကြောက ပိတ်သွားရောလေ။ ဒီလို အခြေအနေမှာ ပညာပေးနဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။  အရေးယူရုံ နဲ့လည်း မရနိုင်ပါဘူး။  သူတို့တွေရဲ့ ဘ၀ရပ်တည်ရေးနဲ့ဆိုင်တဲ့ လုပ်ခပေးပုံစနစ်ကို ဆက်စပ် ကိုင်တွယ်ဖို့ လိုလာပါလိမ့်မယ်။ ဒါ က ကျွန်တော်သိတဲ့ အကြောင်းတစ်ခုတည်းကို ပြောတာပါ။

အစ်ကိုလေးရေ .. အဲဒီလို လူမှု ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ဆရာဝန်လို အလုပ်မျိုးက ဗျူရိုကရေစီ ထဲမှာ အားနည်းသွားခဲ့တာ ကြာခဲ့ပါပြီ။  ဒါ ကို မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ်လို့ ခေါ်ပြီး၊ အဲဒီ ဖြစ်စဉ်မျိုး ပြန်လည်တည်ဆောက်ရမယ်ဆိုတဲ့ အသိအမြင်ကလည်း အားနည်းနေတဲ့ အခြေအနေ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရလာတာ ဖြစ်ပါတယ်။ လူမှုရောဂါတွေကို ကုသဖို့ ဆိုရင်၊ ဆရာဝန်တွေ လုပ်သလို လူမှုပြဿနာကို စေ့စေ့စပ်စပ် သတ်မှတ်ရှာဖွေပြီး ကုထုံးကောင်း ကို ချမှတ်ပေးနိုင်တဲ့ လုပ်ငန်းနဲ့ ဖြစ်စဉ်တည်ဆောက် နိုင်ရမှာပါ။  ဒါမှသာ နိုင်ငံရေးအဆင့်က ချမှတ်တဲ့ နိုင်ငံရေးအမြင်က လုပ်ငန်းကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မယ့် မူဝါဒ အဖြစ် အသွင်ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဇင် ဗုဒ္ဓဘာသာ ဆရာတောင် တစ်နတ်ဟန် (Thich Nhat Hahn) ပြောတဲ့ စကားတစ်ခွန်းက အုပ်ချုပ်ပုံနဲ့လည်း အကျုံးဝင်နိုင်ပါတယ်။

“ဘယ်လို မေတ္တာထားရကောင်းမှန်း မသိတဲ့ မေတ္တာ ဟာ ကျွန်တော်တို့ မေတ္တာထားတဲ့ သူတွေ ကိုပဲ နာကျင်စေတတ်ပါတယ်။”တဲ့ အစ်ကိုလေး။  အစိုးရအသစ်က ပြည်သူ အပေါ်ထားရှိတဲ့ မေတ္တာကို ကျွန်တော် နည်းနည်းမှ သံသယ မရှိပါဘူး အစ်ကိုလေး။  ဒါပေမဲ့ ကိုယ်မေတ္တာထားတဲ့ ပြည်သူတွေ မနာကျင်ဖို့ဆိုရင်တော့ “ဘယ်လို”ဆိုတာက အရေးကြီးပါတယ်။  ပြည်သူတွေ အတွက် ၀န်ဆောင်မှု ကောင်းမွန်တဲ့ အုပ်ချုပ်ပုံမှာ အရေးကြီးတဲ့ “ဘယ်လို” တစ်ခုကတော့ မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ် ပဲ ဖြစ်ကြောင်းပါခင်ဗျာ။

တင်မောင်သန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013