
မလေးရှားမှာ တရားမဝင်နေထိုင်သူတွေ ဝင်ဖမ်းတာကို ထွက်ပြေးတိမ်းရှောင်ရင်း အထပ်မြင့်ပေါ်ကနေ မြန်မာအမျိုးသမီးတယောက် ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား) ကနေ သိရပါတယ်။
ဇူလိုင် ၆ ရက်က မလက္ကာမြို့မှာ အော်ပရာစီဝင်ပြီး တရားမဝင် နေထိုင်သူတွေကို ဝင်ဖမ်းလို့ ထွက်ပြေးတဲ့ အသက် ၃၈ နှစ်အရွယ် မခက်ကေခိုင်မှာ တခြားအခန်းနဲ့ဆက်ထားတဲ့ သံချောင်းပေါ်နင်းပြီး ဖြတ်ကူးချိန်မှာ ခြေချော်ကျခဲ့တာ ဖြစ်ပါတယ်။
မခက်ကေခိုင် ခြေချော်ကျတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပြီး ဆလန်းကောပြည်နယ်၊ ကာချမ်းမြို့မှာ မေတ္တာပို့ အမျှပေးဝေပွဲ လုပ်သွားမယ်လို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား) က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် သူ့ရဲ့အလောင်းကို မိသားစုဆန္ဒအတိုင်း ဇူလိုင် ၁၂ ရက်မှာ ရန်ကုန်မြို့ကို ပြန်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။
မလေးရှားရောက် မြန်မာလုပ်သားတယောက်က “ခိုးဝင်အလုပ်သမားတွေ ဘဝက မလွယ်ပါဘူး။ ကျီးလန့်စာ စားနေရတယ်။ ဖမ်းခံမိရင်လည်း ထိန်းသိမ်းရေးစခန်း အပို့ခံရပြီး ပြန်ပို့ခံရဦးမှာ” လို့ ပြောပါတယ်။
မခက်ကေခိုင်မှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကနေ မလေးရှားနိုင်ငံ သွားရောက်လုပ်ကိုင်တာ ဖြစ်တယ်လို့ သူနဲ့ရင်းနှီးသူတွေကပြောပါတယ်။










