
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ထဲက သက္ကယ်ပြင်(သံ)အုပ်စု ကညင်းရိုးကျေးရွာဟာ ငဝန်မြစ်ကမ်းပါးဘေး တည်ရှိနေပြီး ကမ်းပါးပြိုကျလို့ ဇူလိုင်လ ၂ ရက်နေ့ကနေ ဒီနေ့အထိ လူနေအိမ်တွေ ပြောင်းရွှေ့နေကြရပါတယ်။
ကျေးရွာတွင်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မနှစ်က ၂၀၁၅ ခုနှစ်ကလည်း ကမ်းပါးပြိုတဲ့အတွက် အိမ်ခြေ ၁၇ လုံးကို ပြောင်းရွှေ့ထားရဖူးပါတယ်။ အခုနှစ်တော့ ငဝန်မြစ်နဲ့နီးနေတဲ့အိမ်ခြေ ၁၄ လုံးလောက် ပြောင်းရွှေ့နေရတာပါ။
ခုလောလောဆယ်တော့ နှစ်အိမ်သာ ရွှေ့ပြောင်းထားပြီး ကျန်အိမ်တွေကို ရွှေ့ဖို့ မြေနေရာအခက်အခဲတွေ ဖြစ်ပေါ်နေတာရယ် မြေကွက်ဝယ်ယူဖို့ ငွေကြေးမလုံလောက်တာတွေ ရှိနေပါတယ်။
ငွေကြေးတတ်နိုင်တဲ့သူတွေက အင်္ဂပူ-ညောင်းကျိုးကားလမ်းမဘေးက လယ်မြေတွေ ဝယ်ယူ နေထိုင်နေကြပြီး ငွေကြေးမတတ်နိုင်တဲ့ သူတွေက ကမ်းနဲ့ မဝေးလှတဲ့ နေရာတွေကိုပဲ ရွှေ့နေကြရတာပါ။
ကမ်းပြိုကမ်းစားတွေကတော့ အခုလိုမိုးဦးကျချိန်တွေမှာ အဖြစ်အများဆုံးဖြစ်တယ်လို့ သိရပါ တယ်။ အခုလိုအခက်အခဲတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းခံတာတွေ ပြုလုပ်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - သိန်းထိုက်မြင့်











