DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ ရေကြီးရေလျှံမှုဖြစ်၊ ဆက်သွယ်ရေးရပ်တန့်
DVB
·
July 5, 2016
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ ရေကြီးရေလျှံမှုဖြစ်၊ ဆက်သွယ်ရေးရပ်တန့်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မနေ့ညကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်တွေ အတွင်းက ကျေးရွာအတော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး မြောက်ဦး - စစ်တွေ - ရန်ကုန် ကားတွေ ဆက်သွားလို့မရဘဲ ရပ်တန့်ရတယ်လို့ မြောက်ဦးကနေ ရန်ကုန်ကိုသွားနေတဲ့ တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းမိတ်ဖက်အဖွဲ့ ဗဟိုဦးဆောင်ကော်မတီဝင်  ဦးတင်ကိုကိုဦးက ပြောပါတယ်။

“အခု ကျနော်တို့ မြောက်ဦးရောက်နေတယ်။ မြောက်ဦးမှာ ရေကြီးလို့ ကျနော်တို့ကား ရှေ့ဆက်လို့မရတော့ဘူး။ အားလုံး ရပ်လိုက်ရပြီ။ မြောက်ဦးမြို့နယ်အထွက် စစ်တွေသွားတဲ့လမ်းမှာပဲ ရပ်လိုက်ရတယ်။ အခု ဒီနေ့မနက်ပါ။ လက်ရှိအခြေအနေကတော့ ပြန်လှည့်လို့မရတော့ဘူး၊ နောက်ထပ် ရေက ၃ ပေလောက် တက်ဦးမယ်လို့ ပြောတယ်။”

ကျောက်တော်မြို့နယ်ထဲက သရက်တပင်၊ ညောင်ချောင်း၊ စပါးဆိပ်၊ မဟာမုနိ စတဲ့ ကျေးရွာတွေမှာလည်း ရေ၀င်နစ်မြုပ်နေပြီး နောက်ထပ်မိုးသည်းမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက သိန်းတန်ရွာမှာလည်း ရေနစ်မြုပ်လာနေပြီး သောက်ရေကန်တွေ ရေဖုံးလွှမ်းသွားကာ ရွာထဲကိုလည်း ရေစ၀င်နေပါတယ်။

ခထီးလှကျေးရွာမှာတော့ အိမ်ခြေ ၆၀ ကျော် နစ်မြုပ်နေတဲ့အတွက် မိသားစုတွေဟာ မနေ့ညနေပိုင်းကစပြီး ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်တွေပေါ်ကို ပြောင်းရွှေ့နေရပြီလို့ ခထီးလှဆရာတော်က ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်မှာတော့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ သပြေကုန်းရွာသစ်၊ မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်တွေထဲက တချို့လမ်းတွေ ရေနစ်မြုပ်နေပြီး မြို့မဈေးကြီးလည်း ရေ၀င်ရောက်နေလို့ ပိတ်ထားလိုက်ရပါတယ်။

မြို့နယ်ဆေးရုံလည်း ရေနစ်မြုပ်နေလို့ အရေးကြီးပစ္စည်းတွေနဲ့ လူနာ အယောက် ၂၀ ကို ရေလွတ်ရာ အထက(ခွဲ) ၁ ကို ဇူလိုင်လ ၅ ရက်နေ့ မနက်စောစောကတည်းက စပြီး ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဇူလိုင်လ ၂ ရက်နေ့ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ရေထရက်လည်း ဖြစ်တာကြောင့် မိုးဆက်ရွာနေဦးမယ်ဆိုရင်တော့ စိုးရိမ်ရမယ့် အခြေအနေ ဖြစ်နေပြီး သက်ဆိုင်ရာက အသိပေးကြေညာထားတာတော့ မရှိသေးပါဘူး။

ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းတော့ လောလောဆယ် မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013