DVB Logo
Home
မြန်မာသတင်း
မိုင်းယော်တွင် ရွာသားအသတ်ခံရမှု ရဲစခန်းတွင်အမှုဖွင့်၊ ဒုတိုင်းမှူးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
DVB
·
July 4, 2016
မိုင်းယော်တွင် ရွာသားအသတ်ခံရမှု ရဲစခန်းတွင်အမှုဖွင့်၊ ဒုတိုင်းမှူးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ရွာသား ၇ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနဲ့ အဖွဲ့မှလည်း ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

အသတ်ခံရတဲ့ ရွာသား ၇ ဦးအနက် ဆိုင်ကယ်ရပ်မပေးလို့ သေနတ်နဲ့ အပစ်ခံရသူ ၂ ဦးဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့်  သူတို့မိဘတွေက အလောင်းကိုသွားကြည့်ပြီး  သူတို့သား ၂ ဦးဖြစ်ကြောင်း ပြောဆိုခဲ့သလို ရဲစခန်းကိုပါ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ လိုက်ပါ ဆောင်ရွက်ပေးသူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် ဦးစိုင်း ၀မ်းလိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၅ ရက်နေ့တုန်းက အပစ်ခံရလို့ သေဆုံးသွားတဲ့ ၂ ယောက်က ဘယ်သူ ဘယ်ဝါမှန်း မသိေ အာင် အလောင်းပျက်စီးနေတယ်။ အစက မိန်းမတယောက် ယောကျာ်းတယောက်လို့ ထင်ကြ တယ်။ ဒီနေ့မှ သူတို့မိဘတွေက ကျနော့ကိုပြောပြတယ်။ သူတို့ဦးထုတ်နဲ့ ဖိနပ်တွေ သွားတွေ့ ရပြီး သူတို့သားဖြစ်တယ်ပေါ့နော်။ ညီအစ်ကို ၂ ယောက်၊ အစ်ကိုက နော်တင့် အသက် ၃၃ နှစ်၊ ညီက စိုင်းလ အသက် ၃၀၊ အီနိုင်းကျေးရွာအုပ်စု နမ့်ယော်ရွာက ၀ မျိုးနွယ်စု လွယ်လလူမျိုး တဲ့၊ မိုင်းယော်သွားတာ သူတို့ အိမ်ပြန်မလာတာကြာလို့ လိုက်စုံစမ်းကြည့်တော့ အသတ်ခံရတာ သူတို့သားဖြစ်နေတယ်။ သူတို့နေတာက လားရှိုးအပိုင်ထဲမှာဆိုတော့ ကျနော်တို့ ဒီနေ့ပဲ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့် ခဲ့ပါတယ်။”

စခန်းမှူးကလည်း လူပျောက်တိုင်ကြားချက်နဲ့ အမှုဖွင့်ထားပြီး အထက်ကိုလည်း ဆက်လက် တင်ပြပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းယော်ကျေးရွာနဲ့ ပျောက်သွားသူ ၂ ဦးနေထိုင်တဲ့ နမ့်ယော်ကျေးရွာဟာ မိုင် ၃၀ ကျော် လောက်ကွာဝေးပါတယ်။

ကျန်တဲ့ မိုင်းယော်ရွာသား ၅ ဦးရဲ့ အမှုကိစ္စကိုတော့ အမှုမဖွင့်ရသေးပါဘူး။

ရွာသားတွေအနေနဲ့ ရဲစခန်းမှာအမှုဖွင့်ရင် အမှုလိုက်ခ ငွေကုန်ကြေးကျများမှာ စိုးရိမ်တဲ့အတွက် မတိုင်ကြားဖြစ်သေးဘူးလို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ မိုင်းယော်ဒေသခံ နန်းမွန်းလောဝ် က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က အမှုအခင်းဖြစ်ရင် ငွေတွေထပ်ကုန်ဦးမှာမို့ အမှုမဖွင့်ချင်ဘူးပြောတယ်။ သူကြီးက လည်း ဒါဟာစစ်တပ်နဲ့ ပတ်သက်တဲ့အမှုဖြစ်တဲ့အတွက် တပ်ဘက်ကိုတိုင်တာ ပိုပြီးတိုင်ကြား သင့်တယ်လို့ပြောတယ်။  မနေ့တုန်းကတော့ လားရှိုး ရမခ ဒုတိုင်းမှူး ကျော်စိုး နဲ့ အဖွဲ့တွေ ရွာထဲ ရောက်လာပြီး သေဆုံးသူရဲ့ မိသားစုတွေနဲ့ တွေ့တယ်။ ဖြစ်စဉ်တွေကို ပြန်မေးတယ်။ ပြီးတော့ မျက်စိသူငယ်နားသူငယ်ဖြစ်နေတဲ့ သူတို့ မိန်းမနဲ့ကလေးတွေ၊ မိဘတွေကို တွေ့တော့ သနားပြီး သေဆုံးသူတဦးအတွက် ကျပ် ၃ သိန်းစီ စုစုပေါင်း ၁၅ သိန်းလှူသွားတယ်၊ အဲဒီအလှူငွေက အမှုနဲ့ မဆိုင်ဘူး။ လျော်ကြေး မဟုတ်ဘူး။ ဒုတိုင်းမှူးက သူ့ငွေနဲ့ သပ်သပ်ပေးတာလို့ ပြော တယ်။”

ရွာသားတွေက အသတ်ခံရသူတွေဟာ လက်နက်ကိုင်အဖွဲ့က မဟုတ်ဘဲ တနေ့လုပ် တနေ့စား အလုပ်ကြမ်းသမား၊ ရွာသားရိုးရိုးတွေဖြစ်ကြောင်း  ပြောပြခဲ့တဲ့အပေါ် ဒုတိုင်းမှူးကလည်း လက်ခံ ယုံကြည်ခဲ့တယ်လို့  သူကဆက်ပြောပါတယ်။

ရွာသားများ ထွက်ဆိုတဲ့ ဖြစ်စဉ်အပေါ်မှာတော့ ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးမှ ဆောင်ရွက်သင့် တာ ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း၊ လက်ရှိ ခြံလုပ်ငန်းတွေလည်း ပုံမှန်လုပ်ဆောင် သွားဖို့ နယ်မြေအတွက် မစိုးရိမ်ဖို့ ပြောသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွာသားတွေကတော့ ခြံထဲဆင်းရမှာကြောက်ရွံ့နေဆဲဖြစ်တယ်လို့ နန်းမွန်းလောဝ်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အစိုးရစစ်ကြောင်းတစ်ခု မိုင်းယော်ဘက်ကို တက်လာပြီး လမ်းသွားလမ်းလာဆိုင်ကယ်နဲ့ကားတွေကို တားဆီးစစ်ဆေးခဲ့သလို ပြောင်းခြံမှာ အလုပ်လုပ်နေ တဲ့ ရွာသားပေါင်း ၅၀ ကျော်ကိုလည်း လက်နက်ကိုင်တပ်ဖွဲ့သတင်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။

အဲဒီနေ့က စစ်တပ်တားတာကို ရပ်မပေးတဲ့ ဆိုင်ကယ်တစ်စီးအပစ်ခံရပြီး လူ ၂ ဦးသေဆုံးကာ ပြောင်းဖူးခြံအလုပ်သမားလူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ပျောက်ဆုံးလူငယ် ၅ ဦးကို ဇွန်လ ၂၉ ရက်နေ့မှာ မြေမြှုပ်ထားတဲ့အလောင်းအနေနဲ့ ပြန်တွေ့ခဲ့ပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းမှာတော့ ၂၅ ရက်နေ့က ဗမာ့တပ်မတော်နဲ့ တီအန်အယ်လ်အေ တအာင်း  တပ်ဖွဲ့တို့ မိုင်းယော်မှာ တိုက်ပွဲဖြစ်ပွားပြီး တီအန်အယ်လ်အေဘက်က အလောင်း ၇ လောင်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရေးသားဖော်ပြပါတယ်။

တီအန်အယ်အေ ဘက်ကတော့ ၂၅ ရက်နေ့က အဲဒီဘက်ကိုသွားရောက်ခြင်း မရှိသလို တိုက်ပွဲလည်း မဖြစ်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013