DVB Logo
Home
Lead Story
ကိုလိုနီခေတ်တုန်းက ရန်ကုန်မြို့ဟာ အရှေ့အာရှရဲ့ Queen of City ဘွဲ့ကိုတောင် ရခဲ့ဖူးတယ် - မောင်မြတ်မွန် (ဆူးလေ)
DVB
·
July 4, 2016
ကိုလိုနီခေတ်တုန်းက ရန်ကုန်မြို့ဟာ အရှေ့အာရှရဲ့ Queen of City ဘွဲ့ကိုတောင် ရခဲ့ဖူးတယ် - မောင်မြတ်မွန် (ဆူးလေ)
Donate to DVB

ရန်ကုန်မြို့က ရပ်ကွက်တချို့၊ လမ်းတချို့မှာ မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်အောင် မြောင်းဖော်တာတွေ၊ ရှင်းလင်းတာတွေ လုပ်ဆောင်နေပေမယ့်လည်း အခုအချိန်ထိ မိုးရွာတိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်နေဆဲပါ။ ဒီိကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ စတင် တည်ဆောက်ခဲ့စဉ်က ဘယ်လိုပုံစံ၊ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့တယ်၊ ရေစီးရေလာကောင်းအောင် ဘယ်လို စီမံ ဆောင်ရွက်ခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ်သုတေသီ မောင်မြတ်မွန် (ဆူးလေ) ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကျနော်တို့ ရန်ကုန်မြို့ကြီးဟာ မိုးရွာတိုင်း ရေကြီးရေလျှံတာတွေက နှစ်စဉ်လိုလို ဖြစ်လာခဲ့တယ်။ အဲဒီတော့ ရန်ကုန်မြို့မှာ ရေစီးရေလာ မကောင်းတာနဲ့ ပတ်သက်ပြီးတော့ မေးချင်တာဆိုတော့ ပထမဆုံး ရန်ကုန်မြို့ကိုပေါ့ စတည်ခဲ့တဲ့ အချိန်တည်းက ဘယ်လိုပုံစံတွေနဲ့၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရေစီးမြောင်းတွေကို စတင်ပြုလုပ်ခဲ့တာလဲဆရာ။ ပြည်သူတွေသိအောင်ပေါ့နော်။ မြို့ပြအမွေအနှစ် သုတေသီတယောက်အနေနဲ့ ပြောပြပေးပါဦး ခင်ဗျ။

ဖြေ - ရန်ကုန်မြို့ကို စတည်တာ အလောင်းမင်းတရားကြီးက ခရစ် ၁၇၅၅ ခုထဲမှာ စတည်တာ။ အဲဒီတုန်းက ရပ်ကွက် ၈ ရပ်ကွက်ပဲ ရှိတယ်။ အဲဒီ ရပ်ကွက် ၈ ရပ်ကွက်မှာ ခင်းထားတာက အုတ်ခင်းလမ်းတွေ။ အဲဒီ အုတ်ခင်းလမ်းတွေမှာမှ အိမ်တွေကတော့ ဓနိမိုး ထရံကာ များပါတယ်။ ဒါ ဟိုတုန်းက အဆောက်အအုံတွေကို အုတ်နဲ့မဆောက်ရတာကိုး။ ဘုရင်ခေတ်က။ အဲဒီလိုကာလမှာ တီအေကိုးလ်မန်းဆိုတဲ့ ပုဂ္ဂိုလ်က A Trip To Rangoon ဆိုပြီးတော့ ရန်ကုန်ကို ခရီးစဉ်တခေါက် ဆိုပြီးတော့ ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့အခါကျတော့ အလောင်းဘုရား ရန်ကုန်မြို့ကွက်ရဲ့ ရေစီးရေလာနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းပြုခဲ့တာလေး ထူးထူးခြားခြားရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ လမ်းတွေဘေးမှာ ရေတွေက ကြည်လင်နေပြီးတော့ ပုစွန်ဆိတ်ကလေးတွေ ခုန်နေတာတောင်မှ သူတွေ့ခဲ့ရပါတယ်တဲ့၊ ဆိုပြီးတော့ သူက အဲလို မှတ်တမ်းပြုသွားတယ်။ ပြောချင်တာကတော့ ရန်ကုန်မြို့မှာ ရေစီးရေလာက ကောင်းခဲ့ဖူးတယ်။ ကောင်းခဲ့ဖူးတဲ့ အလောင်းဘုရားရဲ့ ရန်ကုန်မြို့ကို အင်္ဂလိပ်က ၁၈၅၂ ခုနှစ် ဒီဇင်ဘာလမှာ ကျူးကျော်သိမ်းပိုက်လိုက်တယ်။ အဲဒီ စစ်ပွဲကတော့ ထူးထူးခြားခြားပေါ့။ ဘာကြောင့်လဲဆိုတော့ စစ်ကြေညာခြင်းမရှိဘူး၊ စစ်ပြေငြိမ်းရေး စာချုပ်မရှိတဲ့ စစ်ပွဲနဲ့ သိမ်းလိုက်တယ်။ သိမ်းလိုက်ပြီးတဲ့ အခါကျတော့ ပထမဦးဆုံး ကော်မရှင်နာဖြစ်တဲ့ ကပ္ပတိန် ဆြာအာသာဖယ်ရာ။ သူက ရန်ကုန်မြို့သိမ်းအမိန့်ကို ထုတ်ပြီးတဲ့အခါကျတော့ ဘယ်သူ့ကို ရန်ကုန်မြို့ကွက် ပုံစံဆွဲခိုင်းလဲဆိုတော့ ပထမဦးဆုံး ဆွဲခိုင်းတာက ဆာဂျီယွန် ဒေါက်တာမောင်ဂိုမာရီဆိုတာ။ ဆာဂျီယွန်ဆိုတာ ကပ္ပတိန်အဆင့်ပဲရှိတယ်။ ဒါပေမယ့် တချို့သမိုင်းရေးတဲ့သူတွေက ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီတို့ ဘာတို့ နောက်ပိုင်းပေါ်လာတဲ့ မောင်ဂိုမာရီနဲ့ ရောပြီးတော့ ရေးတာတွေရှိတယ်။ သူ့ပုံစံက ရန်ကုန်မြို့ကွက်က အလောင်းဘုရားမြို့ကွက်ထက် ပိုမကျယ်ဘူး။ အလောင်းဘုရားမြို့ကွက်က ၈ ပိုင်း ၁ ပိုင်း စတုရန်းမိုင်ပဲ ကျယ်တယ်။ ဆူးလေဘုရားက အလောင်းဘုရားမြို့ကွက်မှာ မြောက်ဘက်နယ်နိမိတ်ပဲ။ ရန်ကုန်မြစ်ကြားနဲ့ ဆူးလေဘုရားကြားထဲမှာပဲ တည်ထားတာ ဖြစ်တဲ့အတွက် အဲဒီကာလက ရေစီးရေလာကောင်းတယ် ဆိုတာက ဒီရေအတက်အကျနဲ့ ဆောင်ရွက်သွားနိုင်တယ် ဆိုတာကို တွေ့ရတယ်။

အင်္ဂလိပ်က သိမ်းလိုက်တဲ့ အခါကျတော့ အင်္ဂလိပ်က ရန်ကုန်မြို့ကွက်ကို ပထမဦးဆုံး မောင်ဂိုမာရီကို ဆွဲခိုင်းတယ်။ မောင်ဂိုမာရီရဲ့ မြို့ကွက်ပုံစံက အလောင်းဘုရားရဲ့ မြို့ကွက်ပုံစံထက် ပိုမကျယ်ဘူး။ နောက်တခါကျတော့ ဘယ်သူ့ကို ဆွဲခိုင်းသလဲဆိုတော့ ဘင်္ဂါလီ အင်ဂျင်နီယာတပ်က လက်ဖတင်နင် အေဖရေဇာဆိုတာ။ သူကလည်း လက်ဖတင်နင်အဆင့်ပဲ ရှိတယ်။ အခု တချို့စာအုပ်တွေမှာ ဗိုလ်မှူးကြီး ဖရေဇာတို့ဘာတို့ အစွန်းစွန်ဆုံးဖြစ်ခဲ့တာ သူက ဗိုလ်မှူးပဲဖြစ်ခဲ့တယ်။ ဒါ ဖရေဇာနဲ့ ပတ်သက်ပြီးတော့ ပြောပြတာ။ အဲတော့ အဲဒီ ဖရေဇာရဲ့ ပုံစံကျတော့ ၁-၁၀-၁၈၅၃ ခုနှစ်မှာ Officially Adopted ဆိုပြီးတော့ သူ့ကို အတည်ပြုလိုက်တယ်။ အဲဒီအတည်ပြုတဲ့နေရာမှာ ထူးခြားတာက ပထမ အင်္ဂလိပ်က အလောင်းဘုရားရဲ့ ရန်ကုန်မြို့ကွက်ကို ဖျက်လိုက်ပြီးတဲ့ အခါကျတော့ ရှိသမျှ စေတီပုထိုး၊ ကျောင်းကန်၊ အိမ် မှန်သမျှကို အကုန်ဖျက်တယ်။ အဲလိုဖျက်တဲ့အထဲမှာ ဘုရားတွေပါ ပါတယ်။ ဆူးလေစေတီတော်ကိုပါ ဖျက်ဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် ဆူးလေစေတီတော်ကို ဖျက်မယ့်အစီအစဉ်ကို ရန်ကုန်မြို့နေ ပုဂ္ဂိုလ်တွေကနေ လော့ဒါလဟိုဇီကနေတဆင့် ၀ိတိုရိယ ဘုရင်မကြီးဆီအထိ စာပေါက်အောင်တင်နိုင်တာ ဖြစ်တဲ့အတွက် ၀ိတိုရိယ ဘုရင်မကြီးက ဆူးလေစေတီတော်ကို မဖျက်ဘဲနဲ့ ရန်ကုန်မြို့ကွက်ပုံကို ဖော်ပါဆိုတဲ့အတွက် အဲဒီမှာ ဖရေဇာကနေပြီးတော့ ရန်ကုန်မြို့ကွက်ပုံစံကို ဆွဲခဲ့တယ်။ ဆွဲခဲ့တော့ ရန်ကုန်မြို့ကွက်က အင်မတန်လှတယ်။ ဘာကြောင့်လဲဆိုတော့ လေးထောင့်စပ်စပ်မှာ လမ်းတွေအားလုံးက လမ်းကြီးလမ်းသွယ်အားလုံးက ဆူးလေအ၀ိုင်းကို သွားပြီးတော့ပတ်တယ်။ အဲဒီကာလက ဆူးလေစေတီတော်ဟာ ရေ၀ိုင်းနေတဲ့ပုံ။ ပထမက ဆူးလေစေတီတော်က ရေလယ်စေတီတော်ပဲ။ ဒါကြောင့်မို့လို့ အခုတောင်မှ နောက်ပြီးတော့ ပြောနေတာ။ ဆူးလေမှာ ရေ၀ိုင်းနေတယ်။ ဟုတ်တယ်၊ ဆူးလေက တချိန်ကလည်း သမိုင်းကြောင်းအရ ရေလယ်စေတီဖြစ်ခဲ့လို့ အခုလည်း ရေတွေဝိုင်းနေတာ ဖြစ်လိမ့်မယ်လို့ ဆိုပြီးတော့။ အဲဒီတော့ အင်္ဂလိပ်မြို့ကွက်ကျတဲ့အခါကျတော့ ဖရေဇာက ဘယ်လိုပုံစံနဲ့ ဆွဲလဲဆိုတော့ ပထမဦးဆုံး ကမ်းနားလမ်းကြီးကို စဖောက်တာ။ အလောင်းဘုရားလက်ထက်တုန်းက ကုန်သည်လမ်းအထိပဲရှိတယ်။ အဲဒါကို သူက ရန်ကုန်မြစ်နဲ့အပြိုင် ကမ်းနားလမ်းကြီးကို ဖောက်တာ။ လမ်းကြီးငါးသွယ်ကို စဖောက်တယ်။ လမ်းကြီးငါးသွယ်ကို စဖောက်တဲ့အခါမှာ ပထမဦးဆုံးလမ်းက The Strand၊ The Strand မှာ သူက ဘာဖြစ်လဲဆိုတော့ မြစ်ကမ်းဘက် မျက်နှာစာကြီးတခုလုံးကို သူက ကွက်လပ်ထားပေးလိုက်တယ်။ နောက် အဲဒီနောက်ကျောမှာမှ အဆောက်အအုံတွေဆောက်ဖို့ လုပ်တာ။ အဲဒီအဆောက်အအုံတွေ ဆောက်တဲ့အခါမှာ သူက မြောင်းတွေသွယ်လာတယ်။ မြောင်းတွေ ဘယ်လိုသွယ်လာသလဲ ဆိုတဲ့အခါကျတော့ ရန်ကုန်မြို့ထဲက လမ်းကြီးတွေမှာ မြောင်းကြီးတွေ၊ အဲဒီမြောင်းကြီးတွေက ငါးပေကျယ်တယ်၊ လေးပေနက်တယ်။ အဲဒီမြောင်းကြီးတွေ လုပ်တယ်။ အဲဒီ Main Drain တွေ လုပ်ပြီးတော့မှ အဲဒီ Main Drain တွေရဲ့ ကြားထဲမှာမှ သူက လမ်းလတ်တွေကို ဖောက်တယ်။ သူ့ရဲ့မြို့ကွက်ပုံစံက အင်မတန်လှတယ်။ နောက်တခါ အဲဒီလမ်းလတ်တွေရဲ့ ကြားထဲမှာ သင်္ချာအက္ခရာနဲ့ တပ်တဲ့လမ်းတွေ၊ နှစ်လမ်း သုံးလမ်းဆိုရင် လမ်းလတ်တခု၊ လမ်းမကြီးတွေကတော့ အရှေ့နဲ့အနောက် သွယ်တန်းတယ်။ ခုန လမ်းလတ်နဲ့ ဂဏန်းသင်္ချာတပ် လမ်းလေးတွေကျတော့ တောင်နဲ့မြောက်ကို သွယ်တန်းတယ်။ အင်မတန်လှတဲ့ ရန်ကုန်မြို့ကွက်ပုံစံ။ ရေစီးရေလာကျတော့လည်း သူ မူလဆောက်တာက ဟိုတနေ့က ပြောခဲ့တယ်မို့လား။ ရန်ကုန်မြို့ကွက်ကို ဘယ်လောက်ဧရိယာနဲ့ လူဦးရေဘယ်လောက်စာ တည်လဲဆိုတော့။ ပထမဦးဆုံး အင်္ဂလိပ်က အလောင်းဘုရားရဲ့ ရန်ကုန်မြို့ကွက်ကို သိမ်းလိုက်တဲ့ ကာလတုန်းက အလောင်းဘုရား ရန်ကုန်မြို့ကွက်မှာ လူဦးရေ ငါးသောင်းပဲရှိတယ်။ အဲဒီအတွက် သူက လူဦးရေ ငါးသောင်းထက်ပိုအောင်ဆိုပြီး မြေဧကငါးရာမှာ လူဦးရေ ခြောက်သောင်းစာအတွက်ကို သူက စပြီးတော့ မြို့ကွက်လုပ်တာ။ မြို့ကွက်ကလေးက ကျဉ်းကျဉ်းကလေးပဲ။ အဲဒီမြို့ကွက်က ဘယ်အထိပဲ ရောက်လဲဆိုတော့ ဆူးလေဘုရားအထိပဲ ရောက်တယ်။ သို့သော် သူက အရှေ့နဲ့အနောက်ကို ရှည်ထွက်သွားတယ်။ အရှေ့နဲ့အနောက်ဆိုရင် အရှေ့မှာဆိုရင် ခရစ်လမ်းလို့ခေါ်တဲ့ ဗိုလ်မြတ်ထွန်းလမ်း။ ခရစ်ဆိုတာ စမ်းချောင်းလေးကို ပြောတာ။ အဲဒီချောင်းကလေးလမ်းအထိ သူက၊ နောက်တခါ အနောက်မှာဆိုရင် တပ်ကလေးအရပ်လို့ခေါ်တဲ့ လမ်း ၂၀၊ အဲဒီအထိပဲ သူက။ ဒီဘက်ကျတဲ့အခါကျတော့ ဘယ်ဟာမှာ အဆုံးသတ်လဲဆိုတော့ မောင်ဂိုမာရီမှာ သွားပြီးတော့ အဆုံးသတ်တယ်။ အဲ့တော့ လမ်းငါးလမ်းကို အဓိကထား ပြောရမယ်ဆိုရင် အဲဒီလမ်းငါးလမ်းမှာ Main Drain တွေကို အကုန်ဖောက်တယ်။ ဖောက်ပြီးတဲ့အခါကျတော့ ဒီရေအတက်အကျနဲ့ ရန်ကုန်မြို့ရဲ့ သန့်ရှင်းရေးကို လုပ်ခဲ့တယ်။ အင်္ဂလိပ်ကာလမှာ။ အဲဒီ ဒီရေအတက်အကျနဲ့ လုပ်တာမှာ ဘယ်လောက်ထိကောင်းသလဲဆိုရင် အနောက်ဘက်မှာ ရွာသစ်ချောင်းဆိုတာ ရှိတယ်။ ဟိုတုန်းကတော့ ကီလီလို့ ခေါ်တာပေါ့။ အခုတော့ ၀ါးတန်းပေါ့။ ၀ါးတန်းရဲ့အလွန်မှာ သူက ရွာသစ်ချောင်းဆိုတာ ရှိတယ်။ အဲဒီ ရွာသစ်ချောင်းကို ကျုံးမြောင်းလုပ်ပြီးတော့ သူက ရန်ကုန်မြို့ရဲ့ ရေစီးရေလာကို သူက ထိန်းတယ်။ ခုနမြောင်းကြီးတွေနဲ့ သူက ဆက်သွယ်တယ်။ နောက်တခါ အဓိကမြောင်းကြီးတွေ ရေထွက်ပေါက်ကြီးတွေကတော့ အရှေ့ဘက်မှာဆိုရင် ဘယ်ကနေထွက်သလဲဆိုတော့ ဆူးလေဘုရားအောက်မှာ သူက လိုဏ်ကြီးလိုရှိတယ်။ ဒါ မြေပုံတွေ ရှိတယ်။ အဲဒီလိုဏ်ကြီးလိုကနေပြီးတော့မှ သူက Main Drain ကြီးတွေ လုပ်ပြီးတော့ ရေစုတယ်။ ရန်ကုန်ကဆင်းလာတဲ့ ရေမှန်သမျှကို အဲဒီမှာစုတယ်။ ဒီရေအကျမှာ တခါတည်း ရေတွေကို ထုတ်သွားတယ်။ အဲဒီလောက်ထိ သူက တချိန်တုန်းက လုပ်ခဲ့တယ်။

နောက် ကိုလိုနီခေတ်မှာဆိုရင် လမ်းတွေကိုလည်း ည ၁၀ နာရီဆိုရင် ရေဖျန်းပေးတယ်။ ဒါကြောင့်မို့လို့ ကတ္တရာလမ်းတွေကလည်း ဖိတ်ဖိတ်တောက်ခဲ့တယ်။ ဒါကြောင့်မို့လို့ အဲဒီ ကိုလိုနီခေတ်တုန်းကဆိုရင် ရန်ကုန်မြို့သည် အရှေ့အာရှရဲ့ မြို့များဧကရီဆိုပြီးတော့ Queen of City ဆိုတဲ့ ဘွဲ့ကိုတောင် ရခဲ့ဖူးတယ်။ ရန်ကုန်ဟာ တချိန်က အဲဒီလို ရေစီးရေလာလည်း ကောင်းတယ်။ လမ်းရဲ့ပုံစံလည်း ကောင်းတယ်။ မြို့ကွက်ပုံစံကလည်း အရှေ့အာရှမှာ အလှပဆုံး ဖြစ်ခဲ့တယ်။ ဖြစ်တဲ့အတွက် မြို့များရဲ့ဧကရီဘွဲ့ကိုတောင် ရခဲ့ဖူးပါတယ်။ သို့သော်လည်းပဲ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး ကာလမှာ အင်္ဂလိပ်ခေတ်မှာပဲ ဒုတိယကမ္ဘာစစ်၊ ဂျပန်ခေတ်မှာလည်း ပျက်တယ်။ ဂျပန်ခေတ်ဆိုတာ သုံးနှစ်ပဲကြာတာကိုး။ ၁၉၄၂ ကနေ ၁၉၄၅။ ဂျပန်ခေတ်မှာလည်း ဂျပန်က ဘာဖြစ်လဲဆိုတော့ စစ်ဦးဘီလူးနဲ့ ရန်ကုန်ကို ပထမအကြိမ် ဗုံးကြဲတယ်။ နောက်ဂျပန်လည်းဝင်လာရော အင်္ဂလိပ်က တခါမြေလှန်စနစ်နဲ့ ရန်ကုန်ကို ဗုံးကြဲတယ်။ အဲဒီကစပြီးတော့ ရန်ကုန်ရဲ့ ရေစီးရေလာစနစ်တွေက စတင်ပျက်စီးတာ။ နောက်တခါကျတော့ စစ်ကြီးပြီးလို့ လွတ်လပ်ရေးလည်း ရတဲ့အခါကျရော ပြည်တွင်းသောင်းကျန်းမှုတွေ ဖြစ်လာတယ်။ ပြည်တွင်းသောင်းကျန်းမှုတွေ ဖြစ်လာတော့ ကျူးကျော်ကိစ္စတွေ ပါလာတယ်။ နယ်ကလူတွေအားလုံးက ရန်ကုန်မြို့ကို အကုန်စုပြုံပြီးတော့ တက်လာတယ်။ အဲဒီတုန်းက ကျူးကျော်က ဘယ်အထိရှိခဲ့သလဲဆိုရင် မဟာဗန္ဓုလပန်းခြံအထိပါ ရှိခဲ့တယ်။ ဒါ ကျူးတွေကိစ္စကျမှ အကျယ်တ၀င့် ပြောပြမယ်။ နောက် ရွှေတိဂုံဘုရားပေါ်မှာလည်း အလယ်ပစ္စယံအထိ ကျူးတွေက ရှိခဲ့တယ်။ အဲဒီ သူတို့တွေ နေချင်သလိုနေ၊ ထိုင်ချင်သလိုထိုင်၊ နောက် အစိုးရကလည်း အဲဒီကာလမှာ ဘာမှမလုပ်နိုင်ခဲ့တဲ့အတွက် ရန်ကုန်မြို့ကြီးဟာ ပုပ်ဆော်နံခဲ့တဲ့အတွက် သတင်းစာဆရာကြီး ဦးသိန်းမောင်က ပုပ်ဆော်နံနေတဲ့ ရန်ကုန်မြို့ကြီး ဆိုပြီးတော့ ရန်ကုန်ရာဇ၀င်သမိုင်းမှာ တခန်းတကဏ္ဍအနေနဲ့ မှတ်တမ်းတင်ခဲ့ရတဲ့အထိ ဖြစ်တယ်။ အဲဒီကာလအထိ သူက ပျက်ပြားသွားတာ။ ရန်ကုန်ဟာ တခါတည်း ရေစီးရေလာ မကောင်းတော့ဘူး။ အခုမှ မဟုတ်ဘူးနော်။ ဒါ ဒုတိယကမ္ဘာစစ်အပြီးကတည်းက မိုးဟေ့ဆိုတာနဲ့ကို အဲဒီတုန်းကတော့ ဘာဖြစ်လဲဆိုတော့ (၁) အချက်ကတော့ လူနေနည်းသေးတယ်။ (၂) အချက်က ပလတ်စတစ် လုံးဝမသုံးသေးဘူး။ အဲဒီဟာလေးတွေတော့ ရှိတယ်။ ဖက်ရွက်တို့ဘာတို့ပဲ သုံးတဲ့အခါကျတော့ ဖက်ရွက်တို့ ဘာတို့ကို မြောင်းထဲမပစ်ဘူး။ မြေကြီးပေါ်ကျရင် သူက မြေဆွေးဖြစ်သွားတယ်။ အခု ဒီ ပလတ်စတစ်ဖြစ်လာတဲ့အတွက် ရေစီးရေလာတွေက ပိုပြီးတော့ ဖြစ်လာတာ။ ဒါကတော့ ပထမမေးခွန်းပေါ့။

မေး - ဒီဟာနဲ့ ပတ်သက်ပြီ မေးတာက ဆရာကတော့ ရန်ကုန် အင်္ဂလိပ်တွေမရောက်ခင် အလောင်းဘုရား လက်ထက်ကတည်းကပေါ့နော်။ နောက်ဆုံး အင်္ဂလိပ်ခေတ်တွေမှာ ရန်ကုန်မြို့ကို မိုးရွာတိုင်း ရေမကြီးဖို့ပေါ့နော်။ ရေစီးရေလာကောင်းအောင် ဘယ်လိုပုံစံနဲ့ ဧရိယာဘယ်လောက်၊ စတုရန်းဘယ်လောက်၊ လူဦးရေဘယ်လောက်ပေါ့နော်။ တည်ဆောက်ခဲ့တယ်ဆိုတာ ဆရာပြောပြသွားတာ။ နောက်တခုသိချင်တာက အခြုံပေါ့။ အင်္ဂလိပ်ခေတ် တောက်လျှောက်ပေါ့နော်။ အလောင်းဘုရားနောက် အင်္ဂလိပ်ခေတ်ကနေ အခု ဒီနေ့အချိန်အထိပေါ့ဆရာ။ နောက်ဆုံးပြောရရင် အရပ်သားအစိုးရပေါ့နော်။ ဦးထင်ကျော်အစိုးရ မတက်ခင်အချိန်အထိပေါ့။ ဦးထင်ကျော်တက်တာ အခုမှ ရက်ပိုင်းပဲ ရှိသေးတယ်လေ။ သိချင်တာ အဲဒီ အင်္ဂလိပ်ခေတ်ကတည်းကနေ ဦးထင်ကျော်အစိုးရ၊ အရပ်သားအစိုးရ မတက်ခင်အချိန်အထိ အစိုးရအဆက်ဆက်မှာပေါ့ ရန်ကုန်မြို့မှာ ရေစီးရေလာစနစ်က ဘယ်လိုမျိုး အဆက်ဆက် အပြောင်းအလဲတွေ ရှိခဲ့လဲ။ ဒီ အင်္ဂလိပ်ခေတ်ကလုပ်ခဲ့တဲ့ ရေစီးရေလာကောင်းအောင်ပေါ့နော်။ ဘယ်လိုထိန်းသိမ်းခဲ့လဲ။ ဘယ်ခေတ်ကနေစပြီး ဘယ်လိုမျိုး ပျက်စီးခဲ့တာလဲ။ အဲဒါလေးကို ပြန်ပြောင်းပြီးပြောပြပေးပါဦး။

ဖြေ  - အဲဒါ ပြန်ပြောင်းပြောရမယ်ဆိုရင် အင်္ဂလိပ်ခေတ်က ရေစီးရေလာကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်အချက် လူနေနည်းတယ်။ နှစ်အချက် အဓိကပြောတဲ့ ရေထွက်ပေါက်တွေလုပ်တယ်။ နောက်တခါကျတော့ ရွာသစ်ချောင်းကို ကျုံးမြောင်းလုပ်ပြီးတော့ ကျုံးကြီးလမ်းဆိုတာ အခုတော့ အနော်ရထာဖြစ်သွားပြီ။ အဲဒီ ကျုံးကြီးလမ်းတလျှောက်ကြီးမှာ မြောင်းတွေ လုပ်ထားတာ။ အကျယ်ကြီးတွေပဲ။ ရေဆင်းမြောင်းကြီးတွေဟာ။ အဲဒီအရာတွေကနေပြီးတော့ ဒီရေတက်လာရင် ရေတက်လာတယ်။ ဒီရေလည်းကျသွားရော ရန်ကုန်မြို့မှာ ခုနပြောတဲ့ ကျုံးကြီးနဲ့ဆက်ထားတဲ့ မြောင်းတွေက အမှိုက်တွေအားလုံးက တခါတည်း မြစ်ထဲပါသွားတယ်။ အဲလို ဒီရေအတက်အကျနဲ့ အင်္ဂလိပ်ခေတ်က လုပ်နိုင်တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013