
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအောင်မြင်မှု အများဆုံးရရှိထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်အစိုးရတို့အကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုပမ်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာဆာကာဝါက ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနဖြစ်တဲ့ New Age သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်အစိုးရတို့အကြား ကြိုတင်သတ်မှတ်ချက် တစုံတရာမရှိတဲ့ တွေ့ဆုံမှုတရပ် ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး လက်ရှိမှာ နှစ်ဖက်စလုံးက အဲဒီတွေ့ဆုံမှုအတွက် သဘောတူညီတာမျိုး မရှိသေးဘူးလို့ စက်တင်ဘာ ၇ ရက်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ကျနော်က ‘တိတ်တဆိတ်သံတမန်ရေး’ ကို ကိုယ့်ရဲ့ အတွေးအခါ်တခုအဖြစ် အမြဲတမ်း ထားရှိပါတယ်” လို့ ဆာဆာကာဝါက ပြောပြီး နှစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်ဖို့ လျှို့ဝှက်ထားနိုင်ဖို့ လိုအပ်တယ်လို့ နီပွန်ဖောင်ဒေးရှင် ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ထပ်မံပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပြီး နီပွန်ဖောင်ဒေးရှင်းအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့တောင် အလွန်အန္တရာယ်ရှိနေပြီး အဲဒီအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် AA နဲ့ စစ်တပ် နှစ်ဖွဲ့လုံးကို ဆက်သွယ်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအနေနဲ့လည်း နေရပ်ပြန်နိုင်ရေးအတွက် တိုးတက်မှု ရှိလာစေဖို့အတွက် ပထမဆုံးအနေနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ အကြားမှာ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ လိုအပ်တယ်လို့ မစ္စတာ ဆာဆာကာဝါက ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြဆဲ ဖြစ်တာကြောင့် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေးမှာ အချိန်အတော်ကြာဦးမယ်လို့ သူက ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ယာယီအပစ်အခတ် ရပ်စဲနိုင်ခဲ့ကြပေမဲ့ တနှစ်ကျော်အကြာမှာ ပျက်ပြယ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
မစ္စတာဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ဩဂုတ်လက နေပြည်တော်ရှိ စစ်အာဏာရှင်အစိုးရ သမ္မတ မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံမှာလည်း အာရက္ခတပ်တော်နဲ့ တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်တွေ၊ ကျောက်ဖြူနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်တောင်ပိုင်းတို့ကနေ အင်အားထောင်ချီသုံးပြီး စစ်ကြောင်းတွေ ထိုးနေပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စတင်ခဲ့တဲ့ ရခိုင်မြို့သိမ်းတိုက်ပွဲ ကာလတွေအတွင်းမှာ အာရက္ခတပ်တော်က ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ကျန်မြို့နယ်တွေကိုလည်း ၂၀၂၇ ခုနှစ် မကုန်ခင်မှာ အဆုံးသတ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။











