DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် အပစ်မရပ်ရသေးသည့်အဖွဲ့များ ရန်ကုန်တွင် စတင်ဆွေးနွေး
DVB
·
July 1, 2016
အစိုးရနှင့် အပစ်မရပ်ရသေးသည့်အဖွဲ့များ ရန်ကုန်တွင် စတင်ဆွေးနွေး
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ဒီမနက်ပိုင်းက အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာရ်ပီစီ) ရုံးမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒေါက်တင်တင်မျိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ခူးရ်ဦးရယ်ဦးဆောင်တဲ့  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ တွေ့ဆုံခဲ့ကြတာပါ။

ဒီနှစ်ဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမတကြိမ်တွေ့ဆုံခဲ့ကြပြီး ဒုတိယ အကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

အကြိုပြင်ဆင်ရေးကော်မတီဘက်က ဒေါက်တာတင်မျိုးဝင်း (ဥက္ကဋ္ဌ)၊ ဦးလှမောင်ရွှေ (အတွင်းရေးမှူး)၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး (ရုံးအဖွဲ့မှူး) တို့ တက်ရောက်ကြပါတယ်။

DPN (နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့) ဘက်က ဦးခူဦးရယ် (အဖွဲ့ခေါင်းဆောင်)၊ ဦးစိုင်းထူး (ဒုအဖွဲ့ခေါင်းဆောင်) ( SSPP, ဗိုလ်ချုပ်)၊ ဒေါက်တာနိုင်ရွှေသိန်း (NMSP)၊  ဦးဆော်လမွန် (LDU, ဗိုလ်မှူးကြီး)၊ ဦးမင်းထွန်း (ANC)  (ဗိုလ်မှုးကြီး)၊ တာ့ညီလူ (WNO)၊ နိုင်ဗညားမွန် (နည်းပညာ အထောက်အကူ)၊ ဦးဆန်အောင် (ရုံးအဖွဲ့မှူး) တို့တက်ရောက် ဆွေးနွေးကြပါတယ်။

ကော်မတီဝင် ဒေါ်ဒွဲဘူက“အဓိကတော့ သူတို့ဖက်က မေးမြန်းတဲ့ကိစ္စရပ်တွေ၊ အဲဒါတွေကို ဒီဘက်ကလည်း အဲဒါတွေကို အဓိကဆွေးနွေးတာပေါ့။ သူတို့ဘက်ကမေးမြန်းတာက ပင်လုံနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ နောက်ထပ် ဘယ်နေ့ပြန်တွေ့မယ်ဆိုတာတွေ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့မယ့် ကိစ္စရပ်တွေပေါ့။ သူတို့ဘက်ကလည်း လိုင်ဂျာယန်မှာ တိုင်းရင်းသားတွေ တွေ့ဖို့ရှိတယ်လေ။” လို့ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက် မှာ တော့ ဒီနေ့တွေ့ဆုံပွဲကျရင်  ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက် အစိုးရနဲ့ တပ်မတော်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး တတိုင်းပြည်လုံး စစ်ရပ်စဲရေး ကြေညာပေးဖို့ UNFC ဘက်က တောင်းဆိုခဲ့တာတွေကို ထပ်မံဆွေးနွေးကြမယ်လို့ ဖော်ပြထားပါတယ်။

DPN ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ရေးဆွဲရာမှာ ပါဝင်သဘောတူခဲ့ကြတဲ့ အဆင့် ရောက်ပေမယ့် လက်မှတ်ထိုးမယ့်အချိန်မှာ သမ္မတဦးသိန်းစိန်လက်ထက်က အဖွဲ့တချို့ကို ပါဝင်လက်မှတ်ရေးထိုးခွင့်မပြုတာကြောင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြခြင်း မရှိပါဘူး။

အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးစီးလုပ်ဆောင်ရာမှာ အပစ်အခတ်မရပ်စဲသေးတဲ့အဖွဲ့တွေ ပါဝင် လက်မှတ်ရေး ထိုးလာအောင် ညှိနှိုင်းလာတာဖြစ်ပါတယ်။ တပ်မတော်ကလည်း အပစ်အခတ် မရပ်စဲရေးတဲ့အဖွဲ့တွေကို လက်မှတ်ရေးထိုးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောဆိုထားပြီး ချွင်းချက် အနေနဲ့ တအာင်းပလောင်တပ်ဖွဲ့၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တွေကိုတော့ လက်မှတ် ရေးထိုးခွင့်မပြုဘဲ ဆက်လက်တားမြစ်ထားဆဲဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်ထားပြီး ၈ ဖွဲ့နဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံစဉ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို လာမယ့်သြဂုတ်လ နောက်ဆုံးသီတင်း ပတ်ထက် နောက်မကျစေဘဲ စတင်နိုင်ဖို့ မူအရ သဘောတူညီချက်ရရှိခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အန်စီအေလက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ အဖွဲ့ပေါင်းစုံပါဝင်တက်ရောက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံတရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ် ရာ တရုတ်နယ်စပ်က မိုင်ဂျာယန်မြို့မှာကျင်းပဖို့ စီစဉ်ပြင်ဆင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013