
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်က အဆောက်အအုံတခုကို ရုရှားက တိုက်ခိုက်ခဲ့လို့ ဇွန် ၁၅ ရက်မှာ အရေးပေါ်ကယ်ဆယ်ရေးသမား ၅ ယောက် သေဆုံးပြီး အနည်းဆုံး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက တယ်လီဂရမ်မှာ ပြောပါတယ်။
ဒုတိယအကြိမ် ထပ်ဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းကို လုံခြုံရေးဝန်ထမ်း တယောက်က လှမ်းအကြောင်းကြားတယ်လို့ အခင်းနေရာရှိ အကြီးတန်း လုံခြုံရေးအရာရှိ လုဒ်မီလာ ပိုနိုမာရင်ကို က ပြောကြားခဲ့ပြီး ဒီနေရာဟာ "စစ်ပွဲနဲ့ လုံးဝ မသက်ဆိုင်တဲ့ အရပ်ဘက်သုံး ထုပ်ပိုးမှုလုပ်ငန်း စက်ရုံတစ်ခုသာဖြစ်တယ် လို့လည်း ဆိုပါတယ်။
ရှာဟဒ်အမျိုးအစား ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ မီးလောင်ရာကနေ ကယ်ဆယ်ရေးသမားတွေ ရောက်လာခဲ့ကြပြီး နောက်ပိုင်း တိုက်ခိုက်မှုတစ်ခုမှာ သူတို့နဲ့ မီတာ ၃၀ အကွာလောက်ကို ပဲ့ထိန်းဒုံး ကျည်တစင်း ကျရောက်ခဲ့တာလို့ မြို့တော် အရေးပေါ်အခြေအနေဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဘော့ဂဒန် ဂလဒ်ကစ်ခ် ပြောပြပါတယ်။
တနင်္လာနေ့ မနက်အစောပိုင်းက ယူကရိန်းနယ်မြေအများစုမှာ လေကြောင်းရန်သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ရပြီး နှစ်ဖက်စလုံးက အပြန်အလှန်တိုက်ခိုက်နေကြတာကြောင့် ရုရှားနိုင်ငံပေါ်ကို ပျံသန်းလာတဲ့ ယူကရိန်းဒရုန်းတွေကိုလည်း ရုရှားဘက်က တွန်းလှန်တိုက်ခိုက်ခဲ့ရပါတယ်။
တချိန်တည်းမှာပဲ မြို့တော်ကိဗ်မှာတော့ ၂ ပတ်အတွင်း ရုရှားရဲ့ အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပြီး ယူကရိန်းရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု သမိုင်းဝင် အထင်ကရ နေရာဖြစ်တဲ့ ပီချက်စ် လာဗ်ရာ ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။
ဒီတပတ် ပြင်သစ်မှာလုပ်မယ့် G7 အစည်းအဝေးမတိုင်ခင်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်းစကီးက ၄ နှစ်ကျော် ကြာနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေအကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်နဲ့ စကားပြောခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပြီး နောက်တနေ့ မှာပဲ ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာပါ။
ယူကရိန်းဟာ မော်စကိုရဲ့ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပြီး စစ်ပွဲကို အမြန်ဆုံး အဆုံးသတ် နိုင်ဖို့ ရုရှားရဲ့ စက်မှုနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေပေါ် တိုက်ခိုက်မှုတွေကို မကြာသေးခင် ကမှ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
Source: Reuters










