
ဆဲဗင်းဒေးသတင်းစာကို တပ်မတော်က ဇွန်လ ၂၅ ရက်နေ့က တရားစွဲခြင်းကိစ္စမှာ ဆဲဗင်းဒေးသတင်းစာက မှားယွင်းစွာဖော်ပြခြင်းမရှိသော်လည်း နိုင်ငံပိုင်သတင်းစာမှာ တောင်းပန်ကြောင်း ပြန်လည်ထည့်သွင်းဖော်ပြပေးရခြင်းဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က သဘောထားထုတ်ပြန်ပါတယ်။
ဆဲဗင်းဒေးသတင်းစာက ပြည်သူ့လွှတ်တော်နာယကဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက သူပိုင်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြချက်ကို ပြန်လည်ကိုးကားပြီး ဧပြီလ ၂၄ ရက်နေ့မှာ သတင်းရေးသားခဲ့ပါတယ်။ ဒီရေးသားမှုနဲ့ပတ်သက်လို့ တပ်မတော်က ကာယကံရှင် သူရဦးရွှေမန်းကို တရားစွဲဆိုခြင်းမပြုဘဲ ကိုးကားရေးသားတဲ့ သတင်းထောက်နဲ့ အယ်ဒီတာကို တရားစွဲခဲ့တာဖြစ်ပါတယ်။
မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ ဇွန် ၃၀ ရက်စွဲနဲ့သဘောထားထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ယခင်ကထက် လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ရှိလာပြီဆိုပေမယ့် တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖော်ပြရာမှာ တပ်မတော်က လက်မခံနိုင်တဲ့ အကြောင်းအရာဖြစ်ရင် အမှန်တရားပင်ဖြစ်စေကာမူ ကြီးမားတဲ့ပြစ်မှုတွေနဲ့ တရားစွဲဆိုပြီး လွတ်လွတ်လပ်လပ် ရေးသား ဖော်ထုတ်ခြင်းမပြုရဲအောင် ခြိမ်းခြောက်တဲ့သဘောလို့ ယူဆတယ်လို့ ပါရှိပါတယ်။
သတင်းအချက်အလက်မှန်ကို သတင်းစာကျင့်ဝတ်နဲ့အညီဖော်ပြခဲ့ပေမယ့်လည်း အခုလို တောင်းပန်စာထည့်သွင်းပေးခဲ့ရတာကြောင့် မိတ်ဆွေသတင်းစာဆရာတွေလည်း ကျေနပ်မှာ မဟုတ်ဘူးလို့ ယုံကြည်သလို သူတို့ကိုယ်စား များစွာစိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာဂျာနယ်လစ် ကွန်ရက်သဘောထားကို ထုတ်ပြန်ထားပါတယ်။
အလားတူ Pen Myanmar ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ ပါတယ်။ ဆဲဗင်းဒေးသတင်းစာရဲ ၂၀၁၆ ဧပြီ ၂၄ ရက်နေ့ဖော်ပြတဲ့သတင်းဟာ သတင်းရင်းမြစ်ရဲ့ အမှန်တကယ်ပြောကြားခဲ့တဲ့ စကားတွေကို တိုက်ရိုက်ကိုးကားခဲ့ခြင်းဖြစ်တဲ့အတွက် အဆိုပါ စကားတွေရဲ့တာဝန်ကို သတင်းရင်းမြစ်ကသာ ခံယူသင့်တယ်လို့ ထောက်ပြထားပါတယ်။
တရားစွဲပြီးတဲ့နောက် တရားစွဲဆိုသူနဲ့ စွဲဆိုခံမီဒီယာတို့ တွေ့ဆုံညိနှိုင်းနိုင်ဖို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက အားထုတ်ပေးခြင်းကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စီစဉ်ပေးမှုရဲ့ အဖြေကတော့ စွဲဆိုခံသတင်းမီဒီယာက ထိုသတင်းဖော်ပြမှုဟာ နားလည်မှုလွဲမှားစေတဲ့ ရေးသားဖော်ပြမှုအဖြစ် တောင်းပန်ရခြင်းဖြစ်နေကြောင်း၊ ဒါကြောင့် သတင်းအချက်အလက် မမှားမှန်းသိလျက်နဲ့ သတင်းမီဒီယာက တရားစွဲခံရမှုမှ လွတ်ကင်းစေရန်သက်သက်အတွက် တောင်းပန်စေခြင်းဟာ သိမ်ငယ်အောင်ပြုရာရောက်တယ်လို့လည်း ဝေဖန်ထောက်ပြထား ပါတယ်။
လူထုရဲ့သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းနေတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ဆွံ့အ တွန့်ဆုတ်သွားစေနိုင်တဲ့ ဘယ်အပြုအမူမျိုးကိုမှ Pen Myanmar က သဘောမတူကြောင်းနဲ့ လူထုသတင်းသိပိုင်ခွင့်ကို ကာကွယ်ဖို့အတွက် အစိုးရကဲ့သို့သော အများပြည်သူဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို ၀ိုင်းဝန်းစောင့်ရှောက်ကြဖို့ တိုက်တွန်းထားပါတယ်။










