
ကရင်နီပြည်နယ်နဲ့ ကယန်းဒေသက နေရာ ၅ ခုထက်မနည်းကို အခုဇွန်လအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။
ဇွန် ၁၈ ရက် ည ၁၁ နာရီကျော်မှာ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသ၊ ပြင်ဆောင်ကျေးရွာကို လေကြောင်းကနေ ဗုံးအလုံး ၃၀ လောက် ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ယောက် ထိခိုက်မိပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဇွန် ၁၈ ရက် ညနေ ၆ နာရီကျော်ကလည်း မိုးဗြဲမြို့နယ် အနောက်ခြမ်းနဲ့ ဖရူဆိုမြို့နယ်ဘက်ကို လေကြောင်းကနေ ဗုံး ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က “တိုက်ပွဲမဖြစ်ဘဲနဲ့ ဇွတ်လိုက်ကြဲနေတာလေ။ မနေ့ကဆို ကယန်းပြည်သစ်ခွင်ထဲ ကြဲတယ်။ ဖရူဆိုဘက်လည်း ကြဲတယ်ဗျာ၊ မိုးဗြဲဘက်ကိုလည်း ကြဲတယ်။ သူတို့ ဘာ plan နဲ့ ဘာ Target နဲ့ ကြဲလဲတော့ မသိဘူးဗျ” လို့ ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့ မနက်ပိုင်းမှာ နန်းမယ်ခုံမြို့နယ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ပြည်သူ ၂ ယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။
ဇွန် ၄ ရက် ညနေပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံး ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံအမျိုးသား ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက် မိတယ် လို့ စစ်တမ်းတွေအရ သိရပါတယ်။
ဇွန် ၃ ရက်နေ့ မနက်ပိုင်းမှာလည်း နန်းမယ်ခုံမြို့နယ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။










