မြန်မာ-ထိုင်းနယ်စပ် သဘာဝလှေဂိတ်များကို ထိုင်းဘက်က ၇ ရက် ပိတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) ကနေ ဝေါ်လေမြိုင်အထိ နယ်စပ်တလျှောက်မှာရှိတဲ့ သဘာဝလှေဂိတ်တွေကို ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူ တွေက အောက်တိုဘာ ၃၀ ရက်ကစပြီး ၇ ရက် ယာယီ ပိတ်ပင်လိုက်တယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြန်မာ-ထိုင်း နယ်စပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေချိန်အတွင်း ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျည်နဲ့ ကျည်စတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်တာ၊ ပြည်သူ တွေ ကျည်စထိမှန်တာတွေ များပြားလာပြီးနောက် အခုလို သဘာဝလှေဂိတ်တွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဒေသခံတာဝန်ရှိသူတွေ ဖိအားပေးခံရပြီး နယ်စပ် ပြဿနာကို လျှော့ချဖို့ လှေဂိတ်တွေကို ၇ ရက်ကြာ ယာယီပိတ်လိုက်ရတာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုပါ လှေဂိတ်တွေ ပိတ်လိုက်လို့ မြန်မာနိုင်ငံဘက်ခြမ်းမှာ ပြောင်းစိုက်ပျိုးရေးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေ သွားရောက် လုပ်ကိုင်နေကြတဲ့ ထိုင်းတောင်သူတွေ ထိခိုက်နစ်နာမှု ရှိတယ် လို့ ထိုင်းတောင်သူတွေက ပြောပါတယ်။











