DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း ကုန်သွယ်မှု ဒေါ်လာ ၂၀ ဘီလီယံထိ တိုးမြှင့်မည်
DVB
·
June 30, 2016
မြန်မာ-ထိုင်း ကုန်သွယ်မှု ဒေါ်လာ ၂၀ ဘီလီယံထိ တိုးမြှင့်မည်
Donate to DVB

၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြှင့်လာစေရေး လုပ်ဆောင်သွားဖို့ မြန်မာသမ္မတနဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။

ဇွန် ၂၉ ရက်က နေပြည်တော်နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမှာ သမ္မတ ဦးထင်ကျော်နဲ့ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာမှာ အခုလို ထည့်သွင်းဆွေးနွေး ခဲ့ကြတာလို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

“မြ၀တီနယ်စပ် ချစ်ကြည်ရေးတံတား အမြန်ပြီးစီးအောင် တည်ဆောက်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြှင့်လာစေရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြ”လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေမှာ ထိုင်းနိုင်ငံဟာ အဆင့် ၂ နေရာတွင်ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၇၀၇ ဒသမ ၆၅ သန်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၅၁၁ ဒသမ ၃၃ သန်း ရှိပါတယ်။

ဒါ့ကြောင့် ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးတက်လာဖို့ ဖြစ်နိုင်တဲ့ အလားအလာ ရှိပါသလား။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ကုန်သွယ်မှုပမာဏ ဒေါ်လာဘီလီယံ ၂၀ထိ တိုးလာဖို့ဆိုတာကို မဖြစ်နိုင်ဘူးလို့ ပြောလို့မရကြောင်း ပြောပါတယ်။

“မဖြစ်နိုင်ဘူးလို့ ပြောမရဘူး။ ကုန်သွယ်မှု တိုးလာအောင် ဘာတွေ ပံ့ပိုးပေးမလဲ ဆိုတာတော့ လိုတာပေါ့။ ငွေကြေးအရင်းနှီး၊ နည်းပညာ၊ အခွန်သက်သာခွင့်၊ နောက် တခြားလိုအပ်တဲ့ အခြေခံအဆောက်အုံတွေကို တိုးမြင့်အောင် လုပ်ဖို့ပေါ့။ ဥပမာ လယ်ယာစိုက်ပျိုးရေးကုန်သွယ်ဖို့ အခွန်သက်သာခွင့် ပေးမလား။ ဒါတွေတော့ ဆောင်ရွက်ပေးရမှာပေါ့။”

လတ်တလောမှာတော့ နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းမှာ ထိုင်းဘက်က ကုန်ပစ္စည်းတွေ မြန်မာပြည်ထဲ သွင်းနေရတာများပြီး မြန်မာပို့ကုန်ကတော့ မရှိသလောက်ပဲလို့လည်း ပြောပါတယ်။

နေပြည်တော်မှာ သမ္မတဦးထင်ကျော်နဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်းပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ လေ့ကျင့်သင်ကြားရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုတွေ နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဒုက္ခသည်စခန်းတွေမှ ဒုက္ခသည်တွေ မူရင်းနေရပ် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းပြီး မူရင်းနေရပ်တွေမှာ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းချစ်ကြည်ရေးခရီး ပြီးဆုံးခါစမှာပဲ ရောက်လာတဲ့ ထိုင်းဒုဝန်ကြီးချုပ်ရဲ့ခရီးဟာ အတိုင်ပင်ခံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ ထားတဲ့ အချက်တွေ အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

မြန်မာပြည်ရောက်နေတဲ့ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေး၊ စီးပွားရေး၊ အလုပ်သမားရေး ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေ လိုက်ပါလာကြပါတယ်။

ထိုင်းဒုဝန်ကြီးချုပ်ဟာ ဇွန် ၂၉ တရက်တည်းမှာတင် သမ္မတဦးထင်ကျော်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013