DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသည့် မြန်မာ ၃ ဦး ထိုင်းတွင် ကယ်တင်
DVB
·
June 30, 2016
လူကုန်ကူးခံရသည့် မြန်မာ ၃ ဦး ထိုင်းတွင် ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားအဖွဲ့ (အမ်အေတီ) အဖွဲ့က ချွန်းပူးရီးခရိုင် ဆပ်တဟိပ်မြို့နယ်မှာ လူကုန်ကူးခံရပြီး အလုပ်လုပ်နေရတဲ့ ငါးဖမ်းလှေလုပ်သား မြန်မာ ၃ ဦးကို ထပ်မံကယ်တင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ၄ ရက်အတွင်း အမ်အေတီက ဒုတိယအကြိမ်မြောက်ကယ်တင်နိုင်မှု ဖြစ်ပါတယ်။

သူတို့ ၃ ဦးကတော့ ထိုင်းနိုင်ငံကို  လွန်ခဲ့တဲ့ ၇ လ က ရောက်ရှိလာပြီး ပွဲစားက ရေခဲစက်ရုံ၊ ပေါင်မုန့်စက်ရုံတွေမှာ အလုပ်သွင်းပေးမယ်လို့ ပြောပြီးကာမှ ငါးဖမ်းလှေပေါ်တင်လိုက်တာလို့ အမ်အေတီအလုပ်အမှုဆောင် ဦးအောင်ဆန်းဦး က ပြောပါတယ်။

သူက "ကျနော်တို့ဆီကို သူတို့ဖုန်းဆက်အကြောင်းကြားလာတယ်၊ လှေပေါ်မှာ လုပ်အားခလည်း မရဘူး၊ ဘယ်မှလည်းမသွားရဘူး၊ အရိုက်လည်းခံရတယ်၊ လူလည်းစုတ်ပြတ်သတ်နေတာဘဲ၊ လှေထဲမှာနေရတာထက်စာရင် သေချင်သေဆိုပြီး ထွက်ပြေးလာတယ်။ ခြုံပုတ်ထဲမှာ တိုးနေတယ်။ ကျနော်တို့က သူတို့ကိုလိုက်ရှာပြီး ခေါ်ခဲ့တာ၊ အခု ၃ ယောက်လုံး ကားပေါ်ပါလာပြီ။" လို့ပြောပါတယ်။

သူတို့ထဲက  လှေလုပ်သားကိုတင်မောင်ချို (အသက် ၃၅ နှစ်) က ဒီလ ၈ ရက်နေ့က လှေပေါ်မှာ သံတုတ်နဲ့ အရိုက်ခံရပြီး  ခေါင်းမှာဒဏ်ရာရခဲ့ပုံကို ဒီဗွီဘီကို ခုလိုပြောပါတယ်၊

သူက "ကျနော်ပဲ့မကိုင်တတ်လို့ ဆိုပြီး ၀ဏ္ဏ(အလုပ်သမားခေါင်း)က သံတုတ်နဲ့ရိုက်တယ်။ ပထမ တချက်ရိုက်တာ ကျနော်ကလက်နဲ့ကာတော့ လက်ကိုရိုက်မိတယ်။ နောက်တချက်ရိုက်တော့ ကျနော်မူးလဲကျသွားတယ်။ ဆေးလဲမကုပေးဘူး၊ ကိုယ့်ဖာသာဆေးမြီးတိုနဲ့ကုရတယ်။ ခေါင်းက အနာခုထိမပျောက်သေးဘူး။ တခြားသူတွေလည်း အရိုက်ခံရတယ်" လို့  ဒီဗွီဘီကို ပြောပါတယ်။

သူတို့ ၃ ဦးဟာ လှေပေါ်မှာတရက်တည်းရောက်လာကြပြီး ပွဲစားတော့ မတူကြောင်း၊ ကိုစံဝင်းနဲ့ မင်းမင်းတို့ ညီအကိုမှာ ပွဲစားက လုပ်အားခ ဘတ် ၁၂၀၀၀ ကြိုထုတ်ယူသွားတဲ့အတွက် လစာ မရသလို သူ့ရဲ့ပွဲစားကတော့ ဘယ်လောက်ထုတ်ယူသွားမှန်းမသိပေမယ့် ၆ လစာလုပ်ပေးမှ အကြွေးကြေမယ်လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် ငါးဖမ်းလှေပေါ်မှာ ၆ လကျော် ၇ လ နီးပါးလုပ်ပေးရပေမယ့် လှေကမ်းပေါ်တက်ရင် ဘတ် ၃၀၀ လောက်ရတာကလွဲလို့ လစာမရဖူးကြောင်း၊ လှေပိုင်ရှင်ကို တခါမှမမြင်ဖူးသလို အမှုဖွင့်အရေးယူတဲ့ကိစ္စတွေလည်း နားမလည်ဘူးလို့ ကိုတင်မောင်ချို က ပြောပါတယ်။

အမ်အေတီကတော့ လောလောဆယ်သူတို့ကို စောင့်ရှောက်ထားပြီး ရှေ့ဆက်ဘယ်လို လုပ်မလဲဆိုတာ တိုင်ပင်နေကြောင်း၊  တာဝန်ဝတ္တရားအရ ထိုင်းမြန်မာသံရုံးကိုတော့ အကြော င်းကြား ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံရပြီး နှပ်စက်ညှဉ်းပန်းခံနေရတဲ့ မြန်မာလုပ်သား ထောင်နဲ့ချီ  ရှိနေသေးကြောင်း၊ သူတို့တွေကို ကယ်တင်ဖို့ ထိုင်းအာဏာပိုင်တွေဘက်က ထိထိရောက် ရောက် နှိမ်နင်းတာတွေ မရှိသလို  ထိုင်းမြန်မာသံရုံးဘက်က ကူညီကယ်တင်မှုမှာလည်း လိုအပ်မှု တွေရှိနေသေးတယ်လို့ အမ်အေတီအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

အမ်အေတီ (ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအ ဖွဲ့ချုပ်) က လွန်ခဲ့တဲ့ ၂၅ ရက်နေ့ကလည်း  အလားတူ နှိပ်စက်ညှဉ်းပန်းခိုင်းစေခံရတဲ့ မြန်မာလှေလုပ်သား ၃ ဦးကို  ချွန်းပူး ရီးခရိုင် ချောင်းစမေးစံလှေဆိပ်ကနေ သွားရောက် ကယ်ထုတ်ခဲ့ပြီး မြန်မာသံရုံးကို အပ်နှံခဲ့ပါတယ်။ သူတို့သုံးဦးဟာ မြန်မာပြည်ကို ပြန်ပို့မခံချင်တာကြောင့်  ဇွန်လ ၂၅ ရက် နေ့ခင်းပိုင်းက  ထွက်ပြေးသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013