DVB Logo
Home
မြန်မာသတင်း
လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လမ်းဖွင့်ထားဟု ကာချုပ် ပြော
DVB
·
June 29, 2016
လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လမ်းဖွင့်ထားဟု ကာချုပ် ပြော
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် လမ်းဖွင့်ထားတယ်လို့ တပ်မတော် ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ထပ်လောင်းပြောဆိုပါတယ်။

တနိုင်ငံလုံးအပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး မကြာခင်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်ဆောင်ရွက်ကြရေးကိစ္စကို ဆွေးနွေးကြပါတယ်။

ရဲဘော်သံခဲက “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောတာက သူတို့တွေအနေနဲ့ အန်စီအေ အပေါ်မှာအခြေခံပြီးမှပဲ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တည်ဆောက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သူတို့အနေနဲ့ ကြိုဆိုတယ်။ ပြီးတော့ ဒီအပေါ်မှာ အန်စီအေ လက်မှတ်ရေထိုး မထားတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း အန်စီအေမှာ ပါဝင်ရေးထိုးဖို့ သူတို့အနေနဲ့ လမ်းဖွင့်ထားတယ် ဆိုတာကိုတော့ သူက ပြောပါတယ်” လို့ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ အန်စီအေမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ)မှာ အဓိက ထည့်သွင်း စဉ်းစားရမယ့် အခြေအနေဖြစ်တယ်ဆိုတာကို တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။

သူက “ဒီအဖွဲ့တွေ ပါဝင်မှုကို ကျနော်တို့က သေသေချာချာ ပါဝင်နိုင်မယ့် နည်းလမ်းတွေ၊ ပါဝင်နိုင်မယ့်အခြေအနေတွေကို ဖန်တီးဖို့ လိုပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုတော့ ကျနော်တို့ ဘက်က သေသေချာချာရှင်းပြခဲ့ကြတယ်” လို့ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ  အတွင်းရေးမှူး ဦးလှမောင်ရွှေရဲ့ ဇွန် လ ၂၈ ရက်နေ့ ပြောကြားချက်အရ အန်စီအေလက်မှတ် မရေးထိုး ရကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဘက်က ကိုယ်စားလှယ် တချို့ လာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့ဆုံကြဖို့ရှိတယ်လိုဆိုပါတယ်။ နာဂအဖွဲ့နဲ့လည်း လာမယ့် ရက်ပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။ ဦးလှမောင်ရွှေရဲ့ ပြောဆိုချက်အရ တအာင်းတပ်မတော်၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ ကျန်ရှိမယ့်သဘောဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ မနေ့ကတွေ့ဆုံစဉ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးသီတင်းပတ်ထက် နောက်မ ကျစေဘဲ ကျင်းပကြဖို့ မူအရ သဘောတူခဲ့ကြပါတယ်။

တဖက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မြို့မှာ အန်စီအေ စာချုပ် လက်မှတ်ထိုးတဲ့အဖွဲ့ရော၊ မရေးထိုးတဲ့အဖွဲ့ရော စုံညီအောင်တက်ရောက်နိုင်မယ့် တိုင်းရင်းသား ပေါင်းစုံညီလာခံတရပ်ကို ကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီညီလာခံမှာ တပ်မတော်ဘက်က အန်စီအေလက်မှတ်ရေးထိုးတာကို ပိတ်ပင်ထားတဲ့  အဖွဲ့ ၃ ဖွဲ့ကိစ္စအပါအ၀င်၊ ညီလာခံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းလာဖို့ အတွက်  တိုင်းရင်းသားအဖွဲ့အသီးသီးက သဘောထားတွေကို တင်ပြဆွေးနွေးကြဖို့ဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အန်စီအေ  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  (EAO PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ စီစဉ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013