DVB Logo
Home
Lead Story
အစိုးရနှင့် ရက်ပေါင်း ၁ဝဝ
DVB
·
June 29, 2016
အစိုးရနှင့် ရက်ပေါင်း ၁ဝဝ
Donate to DVB

အန်အယ်လ်ဒီ အစိုးရဖွဲပြီးသည်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် လွှတ်တော်က မဲအများ စုဖြင့် အတည်ပြုလိုက်သော ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီ အစိုးရ ရက်ပေါင်း ၁ဝဝ စီမံကိန်းကို ကြေညာခဲ့လေတော့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်တစ်ပိုင်းအစိုးရနှင့် စစ်တပ်တို့က ၅၉(စ)ကို ပြင်ဆင်မပေးသောကြောင့် သမ္မတ မဖြစ်ခဲ့ရရှာပေ။ သို့သော် သမ္မတ မဖြစ်လည်း သမ္မတအထက်တွင်ရှိသော ရာထူးကိုယူမည်ဆိုကာ ယခုလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန်ကို ယူလိုက်ခြင်းဖြစ်သည်။ စစ်တပ်ကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီက ထိုလုပ်ရပ် အပေါ် သဘောမတွေ့ကြပေ။ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း အပြင်းအထန် ကန့်ကွက်ကြသည်။ သို့သော် ပြည်ခိုင်ဖြိုးလွှမ်းမိုးစဉ်ကလည်း သူတို့တင်သမျှ သူတို့သာ ထောက်ခံ သလို ယခုလည်း လူထုက လွှတ်တော်ကိုယ်စားလှယ် အများတကာ့ အများစု တင်မြှောက်ပေး လိုက်သောကြောင့် လွှတ်တော်ထဲတွင် အန်အယ်လ်ဒီကလည်း အကျိုးရှိသည်ဟု ထင်သမျှကို ထောက်ခံမဲအသာဖြင့် လုပ်ဆောင်ကြပေတော့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စစ်တပ်က လက်မခံသောကြောင့် အန်အယ်လ်ဒီ အဖို့ ကြံတိုင်းမမြောက် ဆောင်တိုင်းမရောက်ခဲ့တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့ စဖွဲ့စဉ်က ဝန်ကြီးဌာန ၄ ခုကို တစ်ယောက်တည်း ယူခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို တာဝန်ယူပြီး သည့်နောက် ဝန်ကြီးဌာန ၂ခုကို လက်လွှတ်ကာ နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတအကြံပေးဝန်ကြီး ၂ နေရာကိုသာ တာဝန်ယူခဲ့လေတော့သည်။ အန်အယ်လ်ဒီ အစိုးရ ဖြစ်လာပြီး ပထမဆုံးစမ်းသပ်ချက်အဖြစ် ရက် ၁ဝဝ စီ မံကိန်းကို အစပျိုးခဲ့၏။ ပြည်ထောင်စုအစိုးရ ရော ပြည်နယ်အစိုးရပါ ရက် ၁ဝဝ အတွင်း တိုင်းပြည်အတွက် ဘယ်ရွေ့ဘယ်မျှ လုပ်ဆောင်နိုင် မည်။ မိမိတို့၏ ပြည်နယ်တိုင်းဒေသကြီးအတွက် ဘယ်ရွေ့ဘယ်မျှ လုပ်ဆောင်နိုင်မည်ကို မိမိတို့ဘာသာ သုံးသပ်ပြီး ရက် ၁ဝဝ စီမံကိန်းချမှတ်လိုက်ခြင်းဖြစ်၏။ အမျိုးသားရင်ကြား စေ့ရေး ကြွေးကြော်သံဖြင့် အန်အယ်လ်ဒီ သည် ဘယ်လောက်ရင်ကြားစေ့နိုင်မလဲဆိုသည်ကို သူ့ရက် ၁ဝဝ ကာလအတွင်း စောင့်ကြည့်ကြရပေလိမ့်မည်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည် တို့မှာလည်း အန်အယ်လ်ဒီ ၏ ရည်မှန်းချက်အဖြစ်သတ်မှတ်ခဲ့သလို ဦးစားပေးလုပ်ငန်းများလည်း ဖြစ်နေပေမည်။ ထို့အတူ ရွေးကောက်ပွဲတွင် ဒီမိုကရေစီရေးအလံကို ထူခဲ့သောကြောင့်လည်း ဒီမိုကရေစီရည်မှန်းချက် မည်မျှ ဆောင်ရွက်နိုင်မလဲဆိုသည်မှာလည်း ပထမရက် ၁ဝဝ ကာလကို စောင့်ကြည့်ရပေလိမ့်မည်။ ယခုလော လောလောဆယ်ရှေ့တန်း အရောက်ဆုံးလုပ်ငန်းမှာ ၂၁ရာစု ပင်လုံပင်ဖြစ်ပေသည်။ ဇူလိုင်လတွင် ၂၁ ရာစုပင် လုံညီလာခံကို ခေါ်မည်ဆိုသောကြောင့် ယခုကတည်းက အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့်ဆွေးနွေးသည့် ကော်မတီကတခု အပစ်အခတ် မရပ်စဲသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFC တွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးသည့် ကော်မတီကတစ်ဖွဲ့ဖြင့် တက်တက်ကြွကြွ ဆောင်ရွက်နေကြပေသည်။ သို့သော် ငြိမ်းချမ်းရေးညီလာခံကြီး တခုခေါ်ဆိုဖို့ ခေါ်ကတည်းက စနစ်ကျသော အစီအစဉ်များ၊ စီမံကိန်းများ ရှိဖို့လို၏။ ရင်ဆိုင်နိုင်လောက်သော ပြဿနာများကို ဖြေရှင်းဖို့ အဖြေကို တခါတည်း အဖြေပေးဖို့ လိုပါသည်။ ဥပမာ အပစ်အခတ်မရပ်စဲ သော အဖွဲ့များတွင်ရှိသည့် တအာန်းအဖွဲ့၊ ကိုးကန့်အဖွဲ့နှင့် AA ရခိုင်အဖွဲ့တို့ကို သွားရောက်ဆွေးနွေးသည့် ဒေါက်တာတင်မျိုးအေးဦးဆောင်သည့်အဖွဲ့က သူတို့တင်လာသည့် ပြဿနာ မေးခွန်းများကို အဖြေပေးနိုင်ရမည်။ ဆိုပါစို့ တပ်မတော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ထိုအဖွဲ့ ၃ ဖွဲ့နှင့် အပစ်အခတ်မရပ် စဲနိုင်။ သူတို့ လက်နက်ကို စွန့်မှသာလျှင် အပစ်အခတ်ရပ်စဲရေးကို လုပ်မည်ဟုဆိုထားသောကြောင့် ထိုအဖွဲ့ များနှင့် ယခုတိုင် တိုက်ပွဲများ ဖြစ်ပွားနေစဲကာလဖြစ်သောကြောင့် သူတို့ကလည်း ၂၁ရာစုပင်လုံထဲ ပါဝင်ဖို့ တင်ပြလာမည်ဖြစ်သလို သူတို့ကို ပါဝင်ရေး မပါဝင်ရေးအတွက် ကော်မတီက တပ်မတော်၏ သဘောထားကို ဘယ်ရွေ့ဘယ်မျှ ရယူနိုင်သလဲဆိုသည်မှာ အရေးကြီးပါသည်။ တပ်မတော်က လက်မခံဘဲ အပစ်အခတ်ရပ်စဲရေးကို မည်သို့မျှ ဖန်တီးနိုင်မည်မဟုတ်ပေ။ အပစ်အခတ်ရပ်စဲရေးတွင် တပ်မတော်သည် အခရာအကျဆုံး ဖြစ်၏။ ယခု ချင်းမိုင်တွင် NCA စာချုပ်ထဲမပါသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် သွားရောက်ဆွေးနွေးသောအခါတွင် ထိုပြဿနာဖြစ်လာသည်။ ဆွေးနွေးရာတွင် ကော်မတီက အထက် ကို တင်ပြပါမည်ဟူ၍ တပ်ခေါက်လာရပုံရပါသည်။ ထိုကဲ့သို့ ဆွေးနွေးတိုင်း တိကျခိုင်မာသည့် အဖြေများ မပေးနိုင်ဘဲ အထက်ကို မေးမြန်းပါရစေ။ အထက်ကို တင်ပြပါရစေဆိုသည်လောက်နှင့် ဘယ်လိုမျှ ပြီး မြောက်နိုင်မည် မဟုတ်ပေ။

အစိုးရအဖွဲ့သစ်၏ ထူးခြားသော အပြောင်းအလဲဆိုလျှင် အစပိုင်းက နိုင်ငံရေးအကျဉ်းသား အားလုံး ကို မဟုတ်ပဲ ကျောင်းသားများနှင့် တချို့နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသာ ပြောစရာ ရှိသော်လည်း နောက်ထပ်နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းများ ရပ်တန့်လျှက်ရှိသည်မှာ မေးစရာမေးခွန်းများဖြစ်လာ၏။ ဒီမိုကရေစီအစိုးရအဖွဲ့တွင် နိုင်ငံရေးအကျဉ်းသားရှိနေခြင်းကပင် ရှက်စရာဖြစ်နေ၏။ ဒီမိုကရေစီ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားဆိုသော ဝေါဟာရကို အသုံးပြုမလား မပြုဘူးလား။ နိုင်ငံရေးအကျဉ်းသား ရှိသလား မရှိဘူးလား ဆိုသည်ကို ယခု ထက်တိုင် အဖြေမပေးနိုင်ခြင်းကလည်း ပြည်တွင်းရော ပြည်ပကပါ မေးစရာမေးခွန်း ဖြစ်လာပါ သည်။ ယခုလည်း ထပ်မေးရမည်ဆိုလျှင်...
(၁) ဆယ်စုနှစ်ပေါင်း ၃စုနီးပါး ဒီမိုကရေစီ ရရှိရေးအတွက် အဖမ်းခံထောင်ချခံ၊ အသက်ခံကာ ယခုတက် လာသည့် အန်အယ်လ်ဒီ အစိုးရအနေဖြင့် ထောင်ထဲတွင် ယခင်စစ်တပိုင်းအစိုးရ ဖမ်းဆီးထားခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဘာကြောင့် လွှတ်မပေးနိုင်ရသလဲ။
(၂) ဒီမိုကရေစီအစိုးရဟု အမှန်တကယ်လည်း လှုပ်ရှားခဲ့ ကြွေးကြော်ခဲ့သော အန်အယ်လ်ဒီ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် Political Prisoner ဘဲဖြစ်ဖြစ်၊ Prisoner of Conscience ဘဲဖြစ်ဖြစ် ထိုဝေါ ဟာရ ထိုအသုံးအနှုန်းကို လက်ခံပါသလား ငြင်းပယ်ပါသလား။
(၃) ဒီမိုကရေစီအစိုးရစစ်စစ် အနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ကို ချွင်းချက်မဲ့ လက်ခံသည် ကျင့်သုံးသည်ဆိုလျှင် မန္တလေးတွင်ဖြစ်ပွားသော အမှုအတွက် BBC သတင်းထောက် ကို ဘာကြောင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ရသလဲ။ စသည့်မေးခွန်းများကို ရိုးရိုးသားသား ဖြေဖို့ လိုပေလိမ့်မည်။

အမျိုးသားရင်ကြားစေ့ရေးသည် အရေးကြီးသည်မှာ မှန်၏။ သို့သော် အမျိုးသားရင်ကြား စေ့ရေးကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးနှင့် ရင်ကြားစေ့နိုင်ဖို့ လိုပါသည်။ တိုင်းရင်းသားလက်နက်ကိုင် များနှင့်ရော လက်နက်မကိုင်သော နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့်ရော ရင်ကြားစေ့နိုင်ဖို့လို၏။ ထိုသို့ ရင်ကြားစေ့ရာတွင် စစ်တပ်နှင့်သာမဟုတ် ပြည်ခိုင်ဖြိုးပါတီတစ်ပါတီတည်းနှင့်သာ မဟုတ် နိုင်ငံရေးပါတီအားလုံး မိမိအစိုးရကို ဆန့်ကျင်သော မည့်သည့်ပါတီ၊ အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံ နိုင်ဖို့ ရင်ကြားစေ့နိုင်ဖို့ လို၏။ ယခု ၂၁ရာစု ပင်လုံညီလာခံတွင် ဒီမိုကရေစီတိုက်ပွဲကြီးတွင် ဦးစီး ဦးဆောင်ခဲ့သော အစွန့်လွှတ်ဆုံး အနစ်နာခံဆုံးဖြစ်သော ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း အဖွဲ့အစည်းကို ချန်လှပ်ထားခဲ့ခြင်း၊ အမတ်တစ်နေရာမှ မရသော နိုင်ငံရေးပါတီအားလုံးကို ချန်လှပ်ထားခဲ့ခြင်းတို့မှာ အမြင်ကျဉ်းရာလည်းဖြစ် အားလုံးနှင့် ရင်ကြားစေ့ရေးကို ဆန့်ကျင်ရာ လည်း ဖြစ်နေပေသည်။ ထို့ကြောင့် အန်အယ်လ်ဒီအစိုးရ၏ အစပိုင်းလှုပ်ရှား ဆောင်ရွက်မှုများ သည် ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်ရွေ့ဘယ်မျှ လျှောက်လှမ်းနေသည် ဘယ်အခြေအနေကို ရောက်နေသည်ဆိုသည်မှာ မိမိတို့သာ အသိဆုံးဖြစ်၍ အခြေအနေမှန်ကို မညှာမတာ ဝေဖန်သုံး သပ်ပြီး လမ်းမှားနေပါက လမ်းမှန်ရောက်အောင် နောက်ကျနေက ရှေ့တန်းကိုရောက်အောင် ဆောင်ရွက်သင့်ပါတော့သည်။
ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013