DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေပေါ်က နှိပ်စက်ခံရသည့် မြန်မာ ၃ ဦးကို ကယ်ထုတ်
DVB
·
June 28, 2016
ထိုင်းငါးဖမ်းလှေပေါ်က နှိပ်စက်ခံရသည့် မြန်မာ ၃ ဦးကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီးခရိုင်ရှိ ထိုင်းငါးဖမ်းလှေပေါ်မှာ နှစ်ရှည်လများ နှိပ်စက်ခံရပြီး ချောင်စမေးစံ လှေဆိပ်မှာ အလှောင်ခံထားရတဲ့  မြန်မာလုပ်သားတွေအနက် ၃ ဦးကို အမ်အေတီ (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်)က  ကယ်ထုတ်ခဲ့ပါတယ်။

အလုပ်သမားတွေရဲ့ တိုင်တန်းချက်အရ လနဲ့ချီ စုံစမ်းပြီး အခွင့်ကောင်းရတာနဲ့  ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ၃ ဦးကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ အမ်အေ တီဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါ တယ်။

“ချွန်းပူရီ အပါအ၀င် ထိုင်းနိုင်ငံရဲ့ လှေဆိပ်တွေမှန်သမျှမှာ မတော်မတရားခိုင်းစေမှု၊ ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှုနဲ့ မူးယစ်ဆေးဝါးတွေနဲ့ လည်ပတ်နေတဲ့နေရာတွေဖြစ်တယ်။ အဲဒီနေရာကို ရောက်သွားတာနဲ့ သူတို့တွေဟာ အခန်းထဲမှာအလှောင်ခံရတယ်။ လုပ်အားခကို ငွေသားနဲ့မရဘဲ စိတ်ကြွဆေးရတယ်။  အပြင်မထွက်ရဘူး။ လှေပေါ်က ပြန်လာတာနဲ့ အခန်းထဲမှာ ပိတ်လှောင် ထားတယ်။  အဲဒီ တိုင်တန်းချက်တွေ ရတယ်။ ဒါပေမယ့် ငါးဖမ်းလှေတစ်စီးကို ၀င်ရောက်စီးနင်း ဖို့ဆိုတာ မလွယ်ဘူး။ လနဲ့ချီပြီး စောင့်ရတယ်။ သူတို့လှေကမ်းကပ်လာတာနဲ့ ဖုံးဆက်လို့ရတာနဲ့ အချိန်းအချက်လုပ်ပြီး ကျနော်တို့သွားခေါ်တယ်၊  ဒီတခေါက်မှာ ရဲတွေမပါဘူး၊   ရဲတွေခေါ်ရင် သူတို့အတွက် အန္တရာယ်များတယ်ဆိုပြီး တောင်းပန်လို့ ကျနော်တို့က ရွာသူကြီးနဲ့ တိုင်ပင်ပြီး တော့ ခေါ်ထုတ်ခဲ့ရတယ်။”

ကယ်ထုတ်ခဲ့တဲ့ သူတွေဟာ လှေပေါ်မှာ အနည်းဆုံး ၃ လ ကနေ အများဆုံး ၃ နှစ်ကျော် အလုပ် လုပ်ခဲ့ရသူတွေဖြစ်ပြီး  မနေ့ (ဇွန်လ ၂၇) က သူတို့ကို ထိုင်းမြန်မာသံရုံးမှာ သွားရောက်အပ်နှံ ခဲ့တယ်လို့  ဦးကျော်သောင်းက ဆက်ပြောပါတယ်။

ဒုက္ခရောက်လာတဲ့ သူတွေကို မြန်မာသံရုံးအနေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်းက ခုလိုဖြေကြား ပါတယ်။

“ဆက်လက်ဆောင်ရွက်ဖို့က စီစဉ်နေဆဲဘဲရှိပါသေးတယ်၊ အမိန့်နာခံနေပါတယ်၊ အသေးစိပ်မ သိရသေးပါဘူး၊ အခုသူတို့ကို အမ်အိုအီးအက်စ် ရုံးမှာ ခနထားထားပါတယ်။ မနေ့ကလည်း အလုပ်က များနေလို့ သူတို့ကိုလည်း မစီစစ်ရသေးပါဘူး။”

သံရုံးမှာ ရောက်နေတဲ့ လှေလုပ်သား ၃ ဦးထဲက တဦးဖြစ်သူ ကိုရဲမြတ်ဇော်ကလည်း သံရုံးမှာ နေရတာအဆင်ပြေကြောင်း၊ ညရောက်တော့ သံရုံးက သူတို့အတွက် ထမင်းဖိုး ၃ ယောက်စာ ဘတ် ၁၄၀ ပေးခဲ့ကြောင်း  ဒီဗွီဘီကို ပြောပါတယ်။

“သံရုံးမှာ နေစရာတော့ အဆင်ပြေပါတယ်။ စားစရာတော့ မရှိပါဘူး။  ည ၁၀ နာရီကျော်လောက်  ကျတော့  ၀န်ထမ်းတယောက်က  ကျနော်တို့ထမင်းဖိုး ၃ ယောက်အတွက် ၁၄၀ လာပေးသွား တယ်။ သူလည်း အဲဒါဘဲရှိတယ်လို့ ပြောတယ်။ အဲဒီနားမှာ အစားအသောက်က ဈေးကြီး တော့ ပန်းသီးတလုံး ၃၅ ဘတ်တန် ၀ယ်စားလိုက်တယ်။”

သူတို့ ၃ ယောက်လုံး လှေလုပ်သားဒုက္ခက လွတ်မြောက်ခဲ့ပေမယ့် ငွေကြေးမပြည့်စုံသေးဘတ် တာမို့  မြန်မာပြည်မပြန်ချင်သေးကြောင်း၊  နေထိုင်ခွင့် ကတ်တွေလည်း ရှိတဲ့အတွက် အလုပ် အကိုင် ကူရှာပေးဖို့ မြန်မာသံရုံးကို ပြောထားတယ်လို့  သူက ဆက်ပြောပါတယ်။

အလုပ်သမားတွေကို ခိုင်းစေရာမှာ မူးယစ်ဆေးဝါးသုံးစွဲခိုင်းပြီး ခိုင်းစေတာခံကြရတယ်လို့ သူက ပြောပါတယ်။

သူတို့အလုပ်လုပ်ခဲ့တဲ့ ငါးဖမ်းလှေပိုင်ရှင်မှာ လှေအစီးပေါင်း ၅၀ ကျော်ရှိပြီး တစ်စီးမှာ လူသစ် ၆ ဦးနဲ့ လူဟောင်း ၂ ဦးအမြဲတွဲထားကြောင်း၊ လုပ်ခတလကို ဘတ် ၆ ထောင် ၅ ရာနဲ့  ရာဘဆေးပြား ၃ လုံးစာ (တလုံးကို ဘတ် ၂၀၀ မှ ၃၀၀ ထိ) ဖြတ်ထားတယ်လို့ လွတ်မြောက် လှေလုပ်သားတွေက ပြောပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် MAT အနေနဲ့ ဒီနှစ်ထဲ ၆ လအတွင်း လူကုန်ကူးမှု ပေါင်း ၂၁ ကြိမ်က  လူကုန်ကူးခံရသူပေါင်း ၃၀၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်းခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်က ထိုင်းငါးဖမ်းစက်လှေတွေမှာ ညှဉ်းပန်းနှိပ်စက်ခိုင်းစေခံရတဲ့၊ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သားတွေအရေးကို ကြပ်မတ်စီစစ်ပေးဖို့အပါအ၀င် မြန်မာ အလုပ်သမား တွေရဲ့ ဥပဒေဘောင်တွင်းက ရပိုင်ခွင့်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013