DVB Logo
Home
Lead Story
Brexit ဘရစ်ဇစ်
DVB
·
June 28, 2016
Brexit ဘရစ်ဇစ်
Donate to DVB

အီးယူထဲကနေ ဗြိတိန်ခွဲထွက်မှာအတွက် အသစ်ပေါ်လာတဲ့ မီဒီယာအသုံးက Brexit (ဘရစ်ဇစ်) တဲ့။ Euroskeptics (ယူရိုစကက်ပတစ်) အသုံးသစ်လည်း ပေါ်လာတယ်။ အဲဒါကို ကွန်ပျူတာကနေ အနီရောင်လိုင်းပြထားတယ်။ စာလုံးပေါင်း မမှန်ဘူးတဲ့။

မဲအကုန်ရေတွက်မပြီးခင်မှာ ပေါင်ငွေတန်ဖိုး ၉-၁ဝ ရာခိုင်နှုန်း ကျတယ်။ စတော့ရှယ်ယာတွေ ထိုးကျတယ်။ နေမြဲနဲ့ ခွဲရေး ကမ်ပိန်းမှာ အရေးပါတဲ့ နှစ်ဘက်လုံးက အကြောင်းပြချက်တွေ မနည်းမနော ရှိခဲ့ပါတယ်။ စီးပွားရေး၊ နိုင်ငံခြားသား လက်ခံရေး စတာတွေ ပါတယ်။

ခွဲထွက်ရေးသမားတွေက (အီမိုရှင်း) များတယ်တဲ့။ (အင်မီဂရေးရှင်း) ကို ရှေ့တန်းတင်တယ်တဲ့။ နေမြဲဘက်က ထောက်ပြတာက ဗြိတိန်အချုပ်အခြာပါ ထိပါးလာနိုင်တယ်တဲ့။ ကွန်ဆာဗေးတစ်ပညာရှင်အသိနဲ့ ပြောတာပါ။

နောက်အကြောင်းပြချက်တခုကတော့ အီးယူဟာ စည်းမျဉ်းသစ်တွေနဲ့ ဗြိတိန်ကို လည်ပင်းညှစ်နေတယ်တဲ့။ တချို့ (ရယ်ဂူလေးရှင်း) တွေက အသေးအဖွဲလေးတွေတဲ့။ သုံးပြီးသား (တီးဘက်) ကို (ရီဆိုက်ကယ်လ်) လုပ်ရေးစည်းမျဉ်း။ (ရယ်ဂူလေးရှင်း) သစ်တွေကြောင့် ဗြိတိန်မှာ ပေါင် သန်း ၆ဝဝ အပတ်စဉ် နစ်နာရတယ်တဲ့။

နောက်တချက် (ကော်ပိုရိတ်) အကျိုးစီးပွားတွေ ဗုံးခိုကျင်းထဲ ဝင်အောင်းလာသလိုပဲတဲ့။ လက်ဝဲဆန်တဲ့ အယူအဆတွေနဲ့ ကြီးမားတဲ့ အစိုးရပုံစံတွေ ပြဋ္ဌာန်းနေတယ်တဲ့။ ရေပေါ်ဆီ ကော်ပိုရိတ်တွေကို ပိုဦးစားပေးလာတယ်တဲ့။ ဒီမိုကရေစီ မကျဘူးတဲ့။ အဲဒါက WTO, IMF, WB တွေအပေါ်သဘောထားသလို အမေရိကန်တွေနဲ့ ဆင်တူတဲ့ ဝေဖန်ချက်ပါ။

နောက်တချက် (အီးယူ) ဆိုတာ ကောင်းတဲ့ (အိုင်ဒီယာ) ပါ။ ဒါပေမယ့် (ယူရို) ကတော့ ပြဿနာပဲတဲ့။ ဗြိတိန်ဟာ ၁၉၇၃ ကတည်းက (အီးယူ) ထဲမှာ ပါနေခဲ့ပေမယ့် လူနည်းစုလိုသာ အခွင့်ရနေတာတဲ့။ ၂ဝဝ၈ က စခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုမှာ ဥရောပဘုံ ငွေကြေးသုံးစွဲရသူတွေက ပိုခံရတယ်တဲ့။ အလုပ်လက်မဲ့ ဂရိနဲ့ စပိန်မှာ ၂ဝ ရာခိုင်နှုန်းအထိ ရှိလာတယ်။ အခု အနှစ် ၂ဝ ကျော်လာလည်း အဲဒီနိုင်ငံတွေမှာ ၂ဝ ရာခိုင်နှုန်း ကျော်တုန်းပဲ။ အကြွေးဝန်ထုပ်ကြီးက တကယ်ကြီးမားတယ်။ ဥရောပဘုံငွေကြေး မသုံးတဲ့ ဗြိတိန်က ကံကောင်းတယ်။

နောက်တချက် တခြားနိုင်ငံသား ဝင်ရောက်လာမှု။ အီးယူဥပဒေအရ အီးယူအဖွဲ့ဝင် တခြားနိုင်ငံသားတွေ ခရီးသွားတာ၊ နေထိုင်တာနဲ့ အလုပ်လုပ်တာကို ခွင့်ပေးထားတယ်။ ဗြိတိန်က အဲဒီဒဏ်ကို ၂ဝဝ၈ ခုနှစ် စီးပွားရေးကျဆင်းချိန်ကတည်းက ခံနေရတယ်။ အီတလီ၊ အိုင်ယာလန်နဲ့ လစ်သူယေးနီးယားကနေ ဝင်လာကြတယ်။ ဘုံငွေကြေးဝင် မဟုတ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားက လူတွေက အလုပ်လာရှာကြတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း လူပေါင်း ၃၃၃ဝဝဝ လောက် ဝင်လာခဲ့တယ်။

နောက်တချက် အီးယူကနေ အခွန်တိုက်ရိုက်ကောက်ခွင့်တော့ မရှိပါ။ ဒါပေမယ့် အီးယူ ဘတ်ဂျက်အတွက် နှစ်စဉ် ထည့်ဝင်ငွေ ပေးကြရတယ်။ အဲဒီပမာဏဟာ ၁၃ ဘီလီယံပေါင် ဖြစ်လို့ ယူကေနိုင်ငံသားတယောက်စီကို ပေါင် ၃ဝဝ ကျတယ်။ အဲဒီငွေကို ကိုယ့်တိုင်းပြည်မှာပဲ သုံးလိုက်ရရင်တဲ့။

နောက်ထပ် စိတ်ဝင်စားစရာ အချက်ကတော့ ပရီမီးယားလိဂ် ဘောလုံးသင်းတွေ ကစားသမား ပြောင်းရွှေ့တာမှာ အခက်အခဲ ဖြစ်ကြမယ်တဲ့။

အီးယူထဲကနေ ဗြိတိန်တကယ်ထွက်ဖို့ရာ အချိန်ကြာပါဦးမယ်။ စကားတွေ ပြောကြရဦးမယ်။ ဈေးဆစ်ကြရဦးမယ်။ ဗြိတိန်ရဲ့ ပေါ်လစီတွေ အတော်များများကို သက်ရောက်မှုတွေ ရှိလာတော့မယ်။ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဆန္ဒခံယူပွဲမှာ အနိုင်ရတာဟာ ဥပဒေ စည်းနှောင်မှု မရှိသလောက်လို့ ဆိုပါတယ်။ အဲလိုမရှိလို့ ပြောင်းပြန်လှန်ပြီး မထွက်ရေးသာ လုပ်ရင်တော့ နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ ဖြစ်ပါမယ်။

အီးယူ စာချုပ်ပိုဒ် ၅ဝ မှာ ထွက်နည်းအဆင့်ဆင့် ရေးထားတယ်။ တရားဝင် အကြောင်းကြား ရမယ်။ ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ပြူတင်းပေါက် ကြားကာလ ၂ နှစ် ရှိတယ်။ ကုန်သွယ်ခွန်၊ ရွှေ့ပြောင်းနေထိုင်သူ စတာတွေကို ညှိကြရလိမ့်မယ်။ စိုက်ပျိုးရေးကနေ မော်တော်ကားအထိ ပါတယ်။ အဆင်ပြေရင် ထွက်သွားတဲ့ဗြိတိန်က ဥရောပဈေးကွက် ဆက်ရနေနိုင်တယ်။ ဥပမာ အဖွဲ့ဝင်မဟုတ်တဲ့ နော်ဝေလို။ အဲဒါက အကောင်းဆုံး မျှော်မှန်းနိုင်တာပါ။

တိုင်းတပါးသားတွေ ဗြိတိန်ကို လာနိုင်ဖို့ မရေရာတော့ပါ။ ပိုခက်တာက ဗြိတိန်နိုင်ငံသား ပေါင်း ၁ ဒသမ ၂ သန်းက တခြားအီးယူနိုင်ငံတွေမှာ သွားနေကြတယ်။ တခြား အီးယူနိုင်ငံသား ပေါင်း ၃ သန်းက ဗြိတိန်မှာ လာနေကြတယ်။ အရင်ကလို အင်္ဂလိပ် ရေလက်ကြားဖြတ်ရုံနဲ့ ကူးသန်းလို့ လွယ်မှာ မဟုတ်တော့ပါ။

နောက်သက်ရောက်မှုတခုက လက်ရှိ ဗြိတိန်အစိုးရ ပြုတ်ကျသွားနိုင်တယ်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆန္ဒခံယူပွဲကို လုပ်ချင်သူ မဟုတ်ပါ။ ပါတီတွင်း ဖိအားအရ လုပ်ရပါတယ်။ ဗြိတိန်စီးပွားရေးကို ထိခိုက်မှာတော့ သေချာတယ်။ အခုကို စနေပြီ။ အချိန်လည်းကြာနိုင်တယ်။

ထွက်ချင်သူတွေဘက်က ထွက်လိုက်ရင် ဗြိတိန်မှာ လွတ်လပ်မှုတွေ ပိုရမယ်။ ကိုယ့်နယ်နိမိတ်ကို ကိုယ်ပိုင်မယ်။ ၂ဝဝ၈ စီးပွားပျက်စဉ်က ဆီးရီးယားဒုက္ခသည်တွေဒဏ်ကို အီးယူတခုလုံး ခံခဲ့ရတယ်။ ရေရှည်မှာ ဗြိတိန်အတွက် ကောင်းမယ်လို့ ထင်ကြတယ်။

အီးယူဆိုတာ ၁၉၅၂ ခုနှစ်ကတည်းက စခဲ့တာပါ။ ဥရောပ ကျောက်မီးသွေးနဲ့ သံမဏိကွန်မြူနတီနဲ့ စခဲ့တယ်။ ခေါင်းဆောင်တွေက ကမ္ဘာစစ်ကြီး ထပ်မဖြစ်ချင်ကြတာအတွက် စဉ်းစားခဲ့ကြတယ်။ အဓိက ဂျာမနီနဲ့ ပြင်သစ်။ ၁၉၆၇ မှာ ဥရောပစီးပွားရေးကွန်မြူနတီ ဖြစ်လာတယ်။ ၁၉၉၃ မှာ မက်စ်ထရစ်စာချုပ် ဖြစ်လာတယ်။

ကနေ့ကာလမှာတော့ ဘရပ်ဆဲလ်မြို့မှာ အခြေစိုက်ပြီး ဥရောပနိုင်ငံရေးနဲ့ စီးပွားရေး ဗျူရိုကရေစီ ယန္တရားကြီး လည်ပတ်နေပါတယ်။ (ရှန်ဂန်ဗီဇာ) စနစ်လည်း ကျင့်သုံးလို့ အဖွဲ့ဝင်နိုင်ငံတခုအတွက် ဗီဇာကို တခြားနိုင်ငံတွေကလည်း အသိအမှတ်ပြုတယ်။ ဒါပေမယ့် (ယူအက်စ်အေ) လို (ယူနိုက်တက် စတိတ်စ် အော့ဖ် ယူရုပ်) အိပ်မက်တော့ မှန်းမရနိုင်ပါ။ လူမျိုးတိုင်းက ကိုယ်တိုင်းပြည်နဲ့ လူမျိုးစွဲ ကြီးကြတယ်။ ဗြိတိန်ဟာ ၁၉၇၃ မှာ အီးယူအဖွဲ့ဝင် ဖြစ်လာတယ်။ ဒါပေမယ့် အခုထိ တခြားအဖွဲ့ဝင်နိုင်ငံတွေလို အပြည့်အစုံ သူ့ (အင်စတီကျူးရှင်း) တွေအပေါ် (အီးယူ) ပုံစံ လက်ခံမထားပါ။ ဥပမာ (ရှန်ဂန်ဗီဇာ) စနစ်။

အဆိုးဆုံးမှန်းဆချက်တခုကတော့ ဗြိတိန်ကွဲထွက်သွားမလား။ အင်္ဂလန်၊ ဝေးလ်စ်၊ စကော့တလန်နဲ့ မြောက်ပိုင်းအိုင်ယာလန် ၄ ခု ပေါင်းထားတဲ့ (ယူနိုက်တက်ကင်းဒမ်း) ဟာ ကနေ့လို ဆက်ရှိပါဦးမလား စဉ်းစားလာကြပြီ။ ဆန္ဒခံယူပွဲမှာ စကော့တလန်သားတွေက (အီးယူ) နဲ့ ဆက်တွဲနေချင်တဲ့ဘက်က မဲပေးခဲ့ကြတယ်။ သူတို့က အင်္ဂလန်ကြီးစိုးနေတာကို မကြိုက်ကြပါ။ ၄၄ ရာခိုင်နှုန်းက လွတ်လပ်တဲ့နိုင်ငံ ဖြစ်ချင်နေကြတယ်။ အဲဒါက ၂ဝ၁၄ ခုနှစ်က သိထားရတာ ဖြစ်ပါတယ်။ ဒါလည်းပဲ လွန်ခဲ့တဲ့ ၂ နှစ်မှာ အဲလိုအမြင်က ကျဆင်းလာတယ်လို့ ထောက်ပြချက်လည်း ရှိပါတယ်။ (အီးယူ) အနေနဲ့လည်း အချမ်းသာဆုံးအဖွဲ့ဝင်တနိုင်ငံ ဆုံးရှုံးလိုက်ရတာ ဖြစ်ပါမယ်။

ဒီလို ထူးခြားတုန်လှုပ်စရာ ကောင်းလှတဲ့ သတင်းနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံမှာလည်း စဉ်းစားကြမှာ သေချာတယ်။ ခွဲထွက်ခွင့်။ စဉ်းစားကြည့်တာ ကောင်းပါတယ်။ ဒါပေမယ့် မတူတာတွေက အတိုင်းထက် အလွန်များတယ်။ တချို့က ပေါင်းတောင်ပေါင်းကြရသေးတာ မဟုတ်ဘူးလို့ ယူဆကြတယ်။ တချို့က ဟိုနိုင်ငံသည်နိုင်ငံ အားကိုးစိတ်ကနေ တွေးတယ်။ တချို့ကတော့ ရွေးကောက်ပွဲမှာ မဲရဖို့သာတွက်တယ်။ တချို့။

ဒေါက်တာတင့်ဆွေ

၂၄-၆-၂ဝ၁၆

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013