DVB Logo
Home
မြန်မာသတင်း
လုပ်အားခရရေးကြိုးပမ်းသည့် ထိုင်းရောက် မြန်မာအလုပ်သမ ၁ ဦး အမှုဖွင့်ခံရ
DVB
·
June 27, 2016
လုပ်အားခရရေးကြိုးပမ်းသည့် ထိုင်းရောက် မြန်မာအလုပ်သမ ၁ ဦး အမှုဖွင့်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင် လုပ်ပူရီုမြို့နယ်ထဲမှာ လုပ်အားခမရလို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ MWRN ကို တိုင်ကြားခဲ့သူ အလုပ်သမားတဦး ရဲစခန်းမှာပြန်ပြီး  အမှုဖွင့်ခံခဲ့ရပါတယ်။

အဖွဲ့ကို တိုင်ကြားရာမှာ သက်သေအထောက်အထားအဖြစ် အလုပ်ဆင်းအလုပ်ပြန် တုံးထုတဲ့ ကတ်ပြားကိုပါ  ပြသခဲ့ပြီး အလုပ်ရှင်ဘက်ကတော့ သူတို့ဆီကပစ္စည်း ပြင်ပကိုထုတ်ယူမှု၊ ခိုးမှုနဲ့ အမှုဖွင့်ကာ ဇွန်လ ၂၅ ရက်နေ့က သူ့ကိုအချုပ်ခန်းထဲ ထည့်ခဲ့တာလို့  အသက် ၃၀ နှစ်ရွယ် မရင်ရင်က ဒီဗွီဘီကို ပြော ပါတယ်။

“သူတို့က ညီမကို အဲဒီကတ်ကိုခိုးတယ်လို့ စွပ်စွဲတာပေါ့နော်၊ အဲဒီနေ့က လူကြီးတွေက ရုံးကို လာစစ်တယ်၊  ကဒ်ကိုတောင်းကြည့်တယ်။  အမှန်က အဲဒီကဒ်ကို သူဌေး ကိုယ်တိုင်ပြပြီး သူ့ဖာ သူပြန်သိမ်းသွားတာ၊ ညီမကို ရဲစခန်းကို ခေါ်သွားတယ်။ လက်မှတ်အတင်းထိုးခိုင်းတယ်။ လက်ဗွေနှိပ်ခိုင်းတယ်။ ညီမက ရှမ်း(ထိုင်း)စကားလည်း နားမလည်ဘူး။ လက်မှတ်မထိုးဘူး။ လက်ဗွေလည်း မနှိပ်ဘူး၊၊ အဲဒါ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ အချုပ်ထဲထည့်ထားတယ်။ ညီမ ငိုရ တာပေါ့၊ အချုပ်ထဲမှာ၊ ၂ နာရီ ၃ နာရီကျော်တော့ ရုံးခန်းပြန်ခေါ်တယ်။ ညီမက တနေ့ကို ၂၃၀ ရတယ်၊ အိုတီမပေးဘူးရှင့်။ ညီမ တသိန်းကျော်ရဖို့ရှိတယ်။ တခြားအလုပ်သမားတွေကတော့ ညဆိုင်းမပါဆင်းထားတော့ သုံးသိန်းကျော် ရဖို့လူလည်း ရှိတယ်” လို့ ပြောပါတယ်။

MWRN  အဖွဲ့ကလည်း  မရင်ရင်ဟာ မတရားဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနဲ့  ထိုင်းနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို တိုင်ကြားပြီး  ထိုင်းဘတ်ငွေ ၇ သောင်း ၅ ထောင် အာမခံနဲ့ ပြန်ခေါ်ထုတ်ခဲ့တယ်လို့ အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအလုပ်ရုံဟာ တရက်ကို ၁၈ နာရီ ထိ နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့စက်ရုံကြီးပါ ဆိုပြီးတော့ ကျနော်တို့က သူတို့အလုပ်ဆင်းချိန်ပါတဲ့ကတ်ကို ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်တယ်။ အဲဒါ အလုပ်ရှင်က သူ့ရဲ့စီးပွားရေးကို ထိခိုက်ခဲ့တယ်ဆိုပြီးမှ ကျနော်တို့ကို လည်း အင်တာနက်ဥပဒေနဲ့တရားစွဲသလို ကတ်ပြားပြတဲ့အလုပ်သမားကိုလည်းတရားစွဲတယ်။ ကျနော် တို့ကလည်း ဒီလိုမတရားတာတော့ လက်မခံဘူးဆိုပြီး အလုပ်သမားဝန်ကြီးဌာနကိုရော၊ ထိုင်းနိုင်ငံ လုပ်ငန်းရှင်များအသင်းကိုပါ တိုင်ကြားခဲ့တယ်။ တကယ်လို့ အလုပ်သမားကို မလွှတ် ပေးရင် ဒိထက်ပိုမိုဆိုးဝါးတဲ့ အခြေအနေထိရောက်အောင် ကျနော်တို့ ဆက်လက်ဆောင်ရွက် သွားမယ်လို့ ပြောလိုက်လို့ သူတို့ အဲဒီအလုပ်သမားကို လုပ်ငန်းရှင်အဖွဲ့ချုပ်က ထိုင်းဘတ်ငွေ ၇ သောင်း ၅ ထောင်နဲ့ အာမခံပြီး အလုပ်သမားကို ကျနော်တို့ရုံးကို လာပို့ပေးသွားတယ်။”

အာမခံတွေရဲ့သဘောက ယာယီထွက်လာပြီး အမှုရင်ဆိုင်ရမှာဖြစ်ပေမယ့် သူတို့က ဒီအမှုဟာ ဒီလောက်နဲ့ပဲပြတ်သွားရမှာဖြစ်ပြီး ဆက်ပြီးအမှုလုပ်မယ်ဆိုရင် သူတို့ဘက်ကလည်း ကြီးမားတဲ့ အင်အားသုံးမယ်လို့ ပြောတဲ့အတွက် ကိစ္စပြတ်သွားပြီလို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။

လုပ်အားခခေါင်းပုံဖြတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ယောက်လုံးကတော့ အဲဒီကြက်ခြံကနေ ထွက်လာခဲ့ပြီ ဖြစ်ပြီး သူတို့ရသင့်ရထိုက်တဲ့ လုပ်အားခတွေ ပြန်ရဖို့ ဆက်လက်တောင်းဆို သွားမယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ အဲဒီစက်ရုံရဲ့ လုပ်အားခ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း ခံလာရတာ နှစ်နဲ့ချီပြီဖြစ်တဲ့အတွက် တစ်ဦးလျှင် ဘတ် ၁ သိန်းကျော်ကနေ ၃ သိန်းကျော်ထိ ရဖို့ရှိနေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လိုက်ကူညီသူ ကိုစိုင်းစိုင်းကလည်း ဒီစက်ရုံမှာ အလုပ်သမားလုပ်ချိန် နေ့ဆိုင်းနဲ့ ညဆိုင်းနဲ့ ရှိကြောင်း၊ အချိန်ပိုလည်း ရှိကြောင်း၊ အလုပ်သမားတွေက အချိန်ပိုလုပ်အားခ အပြည့်ရရေးနဲ့ အချိန်ပိုလုပ်အားခရရှိရေး တောင်းဆိုကြတာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013