DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘန်ကောက်ခရီးစဉ်နဲ့ ကျနော်တို့ရဲ့…
DVB
·
June 27, 2016
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘန်ကောက်ခရီးစဉ်နဲ့ ကျနော်တို့ရဲ့…
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ အာဏာသိမ်းအစိုးရအဖွဲ့ရဲ့ ဒုတိယ၀န်ကြီးချုပ် ဆွမ်ခစ်ရာတူစရီပီတက်က လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ ဧပြီလက စတင် အာဏာရယူခဲ့ပြီးတဲ့နောက် အဆင့်အမြင့်ဆုံး နိုင်ငံရပ်ခြားခရီးစဉ် ဖြစ်တယ်လို့ ဆိုရပါမယ်။ မကြာသေးခင်ကာလအထိ အထင်အရှားပဲ မတူညီတဲ့ လားရာနဲ့ သွားခဲ့ကြတဲ့ အိမ်နီးချင်းနိုင်ငံကို အစိုးရအဖွဲ့ ၀န်ကြီးတယောက်အနေနဲ့ ပထမဆုံးလာရောက်တဲ့ အလည်အပတ် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းအာဏာာသိမ်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ထိုင်းအစိုးရအဖွဲ့ရဲ့ ဧည့်သည်တော်တယောက် အဖြစ်သာ လာတာဖြစ်ပြီး ဒီမိုကရေစီ မီးရှူးတန်ဆောင်တဦး အနေနဲ့တော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

သူက “၂၀၁၂ ခုနှစ်တုန်းက သူဟာ ဒီမိုကကရေစီခေါင်းဆောင်တယောက် အနေနဲ့ အလည်အပတ် လာရောက်ခဲ့ပြီး ဒီကနေ့တော့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်တယောက် အနေနဲ့ လာရောက်တာ ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထမာဆတ်တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူတယောက်ဖြစ်တဲ့ ဒူယာပတ် ပရီးချရပ်ကတော့ စနေနေ့မှာပြီးဆုံးမယ့် ဒီခရီးစဉ်ဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအတွက် တက်လာတဲ့ အစိုးရသစ်ရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို ထင်ရှားအောင် ပြသနိုင်ပါလိမ့်မယ်လို့ ထင်တဲ့အကြောင်းနဲ့ သူနဲ့ပါလာတဲ့ ၀န်ကြီးတွေထဲမှာ အလုပ်သမားရေးရာဝန်ကြီးလည်း ပါဝင်နေသလို သူ့ရဲ့ ရာထူးအဆင့်ကလည်း ၀န်ကြီးချုပ်တယောက်ရဲ့ ရာထူးအဆင့်မျိုး ဖြစ်တဲ့အတွက် ကြွင်းကျန်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ  ပြဿနာတွေ အတော်များများကို ထိုင်းနိုင်ငံဝန်ကြီးချုပ် အပါအ၀င် သက်ဆိုင်ရာ ထိုင်းနိုင်ငံဝန်ကြီးတွေနဲ့ ဆွေးနွေးဖြေရှင်းပေးနိုင်မယ်လို့ သူထင်မြင်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရွှေ့ပြောင်းအလုပ်သမားရေးရာ၊ အလုပ်ခန့်ထားရေးနဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ လူနေမှုအဆင့်အတန်း တိုးတက်မှုရှိရေးနဲ့ နယ်စပ်ဒေသ ဖြတ်ကျော်မှုဆိုင်ရာတွေနဲ့ ပတ်သက်လို့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ထိုင်းနိုင်ငံထဲမှာ ၁ ဒသမ ၄ သန်းလောက်ရှိတဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ရှိသလို တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း သန်းချီရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ တရားမ၀င် အလုပ်သမားတွေကတော့ အလုပ်ရှင်တွေနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဆိုးဝါးတဲ့ ကိုင်တွယ်ဆက်ဆံမှုတွေကို ခံစားနေကြရဆဲ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ပြီး မကြာခင်မှာပဲ သူ့ကို ချစ်ခင်လေးစား အားကိုးရှာကြတဲ့ ထိုင်းနိုင်ငံရဲ့ အဓိက ပင်လယ်စာထုတ်လုပ်ပေးနေတဲ့ မဟာချိုင်ဒေသကို ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်းပြီး အလုပ်သမား အခွင့်အရေး အတော်လေး ရရှိနေကြတဲ့ စက်ရုံတွေက အလုပ်သမားတွေကိုပဲ ရွေးချယ်တွေ့ခွင့်ပေးပြီး အခွင့်အရေးမရလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်း ပြောဆိုချင်နေကြတဲ့ အလုပ်သမားတွေကိုတော့ တွေ့ဆုံခွင့်မပြုဘဲ လုံခြုံရေးတွေက ပိတ်ပင်ထားတဲ့အတွက် ထိုင်းလုံခြုံရေးတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အချေအတင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ တွေ့ဆုံခွင့်မရတဲ့ ပြင်ပမှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ထွက်ပြီး စကားပြောချင်ပေမယ့် သည်းသည်းမဲမဲ ရွာသွန်းနေတဲ့မိုးကြောင့် အခြေအနေ မပေးခဲ့ဘူးလို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေအရေး လုပ်ကိုင်ဆောင်ရွက်ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ အင်ဒီဟောလ်ကတော့ “သူတို့အားလုံးက အိမ်ပြန်ချင်နေကြပါတယ်။ ဒါပေမယ့် သူတို့က စီးပွားရေးအခြေအနေ တကယ် ပြောင်းလဲ တိုးတက်လာတာကို စောင့်နေကြတာပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အရေးတကြီး ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာကတော့ ရာပေါင်းများစွာရှိတဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာလို့မခေါ်ဘဲ “အစ္စလာမ်ဘာသာ ယုံကြည်ကိုးကွယ်သူတွေ” လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပေးမှုတွေ ရှိနေလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက နားလည်ထားခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီ ပြည်တွင်း မွတ်စလင် လူနည်းစုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကတော့ ရှင်းလင်းတဲ့အဖြေ မတွေ့ရသေးဘူးလို့ ဒူယာပတ်က ဆိုပါတယ်။

အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တဦးကတော့ ဒေါ်အောာင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်တို့ တွေ့ဆုံဆွေးနွေးရာမှာ ရိုဟင်ဂျာအရေးကိစ္စ ပါဝင်လိမ့်မယ် မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇွန်လ ၂၄ ရက် သောကြာနေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်မှာ ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ်ဒ် ချန်အိုချာကို တွေ့ဆုံမယ်ဆိုရင် ထိုင်းနိုနိုင်ငံရဲ့ လက်ရှိ အာဏာသိမ်း စစ်အာဏာရှင် အစိုးရကို အသိအမှတ်ပြုရာ ကျမယ်လို့ ဒီမိုကရေစီနိုင်ငံတွေရဲ့ သံတမန်တွေက ကန့်ကွက် သတိပေးနေတဲ့ကြားက သူက တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ အာဏာသိမ်းအစိုးရတွေအပေါ် ထားရမယ့် သဘောထားတွေ၊ သံခင်းတမန်ခင်းတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် နားမလည်နိုင်စရာ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် ရလဒ်ကောင်းတွေ ထွက်လာနိုင်တာပဲလို့ တွေးပြီး သဘောထား ပျော့ပျောင်းပြ၊ လိုက်လိုက်လျောလျော လုပ်ပြတာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် ဒီမိုကရေစီ ချစ်မြတ်နိုးကြတဲ့၊ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ထိုင်းပြည်သူလူထု အများရဲ့ စိတ်ပျက်ဝမ်းနည်း ဖြစ်ရမယ့်ကိစ္စကိုလည်း အလေးအနက်ထား စဉ်းစားသင့်တယ် ထင်ပါတယ်။

ခုလက်ရှိ ကိုယ့်နိုင်ငံထဲမှာ မလိုက်လျောသင့်တာတွေကို လိုက်လျောထားခဲ့လို့ ပြည်တွင်းစစ်မီးကအစ မြေသိမ်းယာသိမ်းကိစ္စ၊ အလုပ်သမားရေးရာကိစ္စ၊ ပညာရေးနဲ့ ကျောင်းသားရေးရာ အခွင့်အရေး ကိစ္စတွေမှာ အများကြီး ပြဿနာတက် အခက်အခဲ တွေ့နေရတာတွေကို ပြန်ပြီး အလေးအနက် စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ပျော့ပျောင်းတာ ကောင်းပေမယ့် ပဲပြားပင်လို မြေပြင်မှာ ပြားပြားဝပ်တဲ့အထိ ပျော့ပျောင်းမယ်ဆိုရင် နင်းထားလိုက်ပြီး ခုတ်ပစ်လိုက်တာကို ခံရနိုင်ပါတယ်။ လေးကိုင်းတခုလို ပျော့ပျောင်းသလောက် သန်စွမ်းပြင်းထန်ဖို့ လိုမယ်ထင်ပါတယ်။

မြန်မာနိုင်ငံ ပြည်သူအများစုကတော့ စစ်အာဏာာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ပြားပြားမှောက် ခံစားခဲ့ရတာ ရာစုနှစ် ၀က်ကျော်ခဲ့ပြီဆိုတာ သတိထားပြီး ပြည်သူလူထုတွေ တာဝန်ကျေဖို့ လိုတယ်၊ ပူးပေါင်းဆောင်ရွက်ကြပါ စတဲ့ လေသံတွေကို လျှော့ချရပ်ဆိုင်းပစ်ဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ ပြည်သူတွေ တာဝန်အခါခါ ကျေခဲ့ကြပါပြီ။ တာဝန်မကျေပွန်ခဲ့ကြတာက ခေါင်းဆောင်ဆိုတဲ့သူတွေပါ။

အတိုက်အခံပါတီက ပါတီခေါင်းဆောင်က ဘာတွေလုပ်ရမယ်၊ ဘာတွေပြောရမယ်၊ ရွေးကောက်ပွဲ အနိုင်ရပါတီက ဘာတွေပြောရမယ်၊ လုပ်ရမယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဆုံးဖြတ်ချက် ပြတ်သားရဲရင့်ဖို့ လိုပါတယ်။ စစ်အာဏာရှင်ဆိုတဲ့ သဘာဝကတော့ အရာရာကို စစ်ပွဲတခုလို သဘောထား၊ အနိုင်ရဖို့ကိုပဲ အဓိကထားမယ့်သူတွေပဲ ဖြစ်တယ်ဆိုတာ……။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013