DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများအပေါ် ခေါင်းပုံမဖြတ်ကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား
DVB
·
June 25, 2016
အလုပ်သမားများအပေါ် ခေါင်းပုံမဖြတ်ကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား
1 / 2
Donate to DVB

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေအပေါ် ခေါင်းပုံမဖြတ်ကြဘဲ အလုပ်သမားအရေး မဆိုင်းမတွ လုပ်ပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားအဖွဲ့အစည်းတွေကို မှာကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှာ မြန်မာအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံတုန်း သူက ခုလို ပြောခဲ့တာလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားအဖွဲ့တချို့ဟာ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တယ်ဆိုတဲ့သတင်း သူကြားတာမို့ ဒီလို မလုပ်ကြဖို့ မှာတယ်လို့ ရှေနေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကူညီစောင့်ရှောက်နေသူတွေ ကြားထဲမှာကို သူကြားတဲ့သတင်းက အလုပ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်တယ် ဆိုတာတွေလည်း ကြားပါတယ်တဲ့၊ ဒါလေးတွေကိုတော့ ဆင်ခြင်ပြီးတော့ ကိုယ့်အလုပ်သမားတွေအပေါ်မှာ စေတနာထားပြီး ပိုပြီးတော့ အကျိုးရှိအောင် ဆောင်ရွက်ပေးဖို့ ဆိုတဲ့ ညွှန်ကြားချက်လည်း ပေးပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဥပဒေကို လေးစားပြီး ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးသင့်တာတွေကို အချိန် မဆိုင်းမတွ လုပ်ပေးဖို့ မှာကြားခဲ့ပါတယ်။

“ထိုင်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ ဥပဒေကို လေးစားပြီးတော့ ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးသင့်တဲ့ ကိစ္စတွေကို မဆိုင်းမတွ အချိန်မကြာစေဘဲနဲ့ လုပ်ပေးနိုင်အောင် လုပ်ပေးကြပါဆိုပြီးတော့ အားလုံးကို ညွှန်ကြားပါတယ်။ ဥပမာ မှတ်ပုံတင်နဲ့ဆိုင်တာဆိုရင် မှတ်ပုံတင်နဲ့ ဆိုင်တဲ့ ၀န်ကြီးပေါ့၊ ဆိုင်ရာ ဆိုင်ရာတွေရဲ့ ၀န်ကြီးတွေကို တိုက်ရိုက် အလုပ်သမားအဖွဲ့တွေ ရှေ့မှာတင် ညွှန်ကြားပေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၄၅ မိနစ်လောက်ကြာ ဆွေးနွေးခွင့်ရခဲ့တယ်လို့လည်း ပြောပါတယ်။ တက်ရောက်ခဲ့ကြတဲ့ အလုပ်သမားအဖွဲ့တွေက ထိုင်းရှိ မြန်မာအလုပ်သမားကို အခုထက် ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ အဓိကထား တင်ပြခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းကလည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ဇနီး နရာပေါင် ချာအိုချာနဲ့အတူ  နခွမ်းပထုမ် ခရိုင်ရှိ ဘန့်ဟိုးအောင် စံပြကျေးရွာကို သွားရောက်ခဲ့ပါတယ်။

13502068_10153759143440677_5925305516780514643_nဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ရာထူး ရယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013