
သိမ်းဆည်းခံ လယ်ယာမြေပြဿနာတွေကို ရဲရဲတင်းတင်းကိုင်တွယ်ဖြေရှင်းကြဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ဧရာဝတီတိုင်းဒေသကြီး ပထမဆုံးခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက်နေ့က မအူပင်မြို့ တိုးရွှေဝါခန်းမမှာ ကျင်းပပြုလုပ်တဲ့ မအူပင်ခရိုင်နဲ့ဖျာပုံခရိုင် အတွင်းက သိမ်းဆည်းမြေဧက ၆၄၀၀ ကျော် ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။
"သိမ်းဆည်းခံလယ်ယာမြေပြဿနာတွေဟာ ရိုးရိုးသားသားနဲ့ တရားဥပဒေကို အမှန်တကယ်နားမလည်လို့ မှန်ကန်မှုမရှိတာတွေလည်း ရှိနိုင်သလို မရိုးမသား မမှန်မကန် ပြုလုပ်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကော်မတီအဆင့်ဆင့်အနေနဲ့ သိမ်းဆည်းခံလယ်ယာမြေပြဿနာတွေကို တရားဥပဒေဘောင်အတွင်းက တရားမျှတမှုရရှိအောင် စေတနာ ကရုဏာနဲ့ ကူညီပေးလိုတဲ့ မေတ္တာစိတ်အရင်းခံနဲ့ ရဲရဲတင်တင်းကိုင်တွယ်ဖြေရှင်း ဆုံးဖြတ်ဆောင်ဖို့ရာ အမှန်တကယ်လိုအပ်ပါတယ်။”
အချို့မြေယာကိစ္စတွေဟာ လယ်ယာမြေဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်လို့ အချိန်အတိုင်းအတာတခုအထိ စောင့်ဆိုင်းပေးရမယ်လို့လည်း ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
ဒုသမ္မတဟာ အခမ်းအနားအပြီးမှာ ညောင်တုန်းမြို့နဲ့ ဇလွန်မြို့တို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒုသမ္မတဦးဟင်နရီဗန်ထီးယူဟာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ အနေနဲ့လည်း တာဝန်ယူထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး










