DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးနှင့် ဒုက္ခသည်နေအိမ်ပြန်ရေး ဆွေးနွေး
DVB
·
June 25, 2016
မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးနှင့် ဒုက္ခသည်နေအိမ်ပြန်ရေး ဆွေးနွေး
1 / 9
Donate to DVB

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီချက် ၂ ခုနဲ့ နားလည်မှုစာချွန်လွှာတခုကို နှစ်ဘက် တာဝန်ရှိသူတွေ ထိုင်းနိုင်ငံဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ ဇွန်လ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

တရားဝင် အလည်အပတ်ခရီး ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ ရှေ့မှောက်မှာ နှစ်ဘက် တာဝန်ရှိသူတွေ လက်မှတ်ထိုးကြတာဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး စီရီရှိုင်းဒစ်စကူ တို့က မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာနဲ့ အလုပ်သမားများ အလုပ်ခန့် ထားရေးဆိုင်ရာ သဘောတူညီချက်စာချုပ်နဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သဘောတူညီချက်စာချုပ်တို့ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာပြည်မှာ ကျမ လမ်းတွေပေါ်မှာ ဆုံတွေ့ရတဲ့ လူအများအပြားက သူတို့ အလုပ်အကိုင်လိုအပ်တယ်လို့ ပြောဆိုကြတယ်။ ကျမအနေနဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအတွက် အကာအကွယ်ပေး ကူညီတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးတဲ့အတွက်လည်း ကျမတို့ ချီးကျူးပါတယ်” လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်မှာရှိတဲ့ဒုက္ခသည် ၁ သိန်းကျော်ကို ပြန်လည်ပိုဆောင်ရေး နည်းလမ်းရှာလေ့လာဖို့ ကော်မတီတရပ်ဖွဲ့ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် အတင်းအကျပ်ပြန်လည်ပို့ဆောင်မှာတော့ မဟုတ်ပါဘူးလို့ပြောပါတယ်။

“ကျနော်တို့ဟာ ထိုင်းနိုင်ငံက ထောက်ခံထားတဲ့ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုကသည်တွေအရေးကိစ္စကို ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်ဖြစ်ထွန်းမှုအပေါ် အားပေးပါတယ်။ ဒီအခြေအနေ လမ်းကြောင်းမှန်သွားပြီဆိုရင် နယ်စပ်က မြန်မာဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ အရှည်တည်တံ့ ပြန်နိုင်အောင် နှစ်နိုင်ငံအစိုးရတွေက ပြင်ဆင်ရေးမှာ အတူတကွလုပ်ဆောင်ကြဖို့ သဘောတူကြပါတယ်။ တချိန်တည်းမှာ ဒုက္ခသည် နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်လို့ ကော်မတီတရပ်ဖွဲ့စည်းဆောင်ရွက်ဖို့ ကျနော်တို့ မြန်မာဘက်ကို တိုက်တွန်းပါတယ်။”

“အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးနိုင်မယ့် ထားဝယ်အထုးစီးပွားရေးဇုန်ဟာ ဒေသတွင်းချိတ်ဆက်မှုအားကောင်းလာစေပြီး မြန်မာ၊ ထိုင်းနဲ့ဒေသတွင်းက ပြည်သူတွေရဲ့ လူနေမှုဘ၀ မြင့်မားလာစေမှာ ဖြစ်တယ်ဆိုတာကိုလည်း ဆွေးနွေးသဘောတူကြတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှု အဆင်ပြေချောမွေ့ရေးဆောင်ရွက်ဖို့ သဘောတူကြပါတယ်။ နယ်စပ်ဂိတ်တွေကနေ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေ ဆိုက်ရောက်ဗီဇာထုတ်ပေးနိုင်ရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ သဘောတူကြတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားမတိုင်မီမှာ နှစ်နိုင်ငံ အကြီးအကဲတွေဟာ အစိုးရအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က  ထိုင်နိုင်ငံမှာ မြန်မာနိုင်ငံသား လုပ်သားတွေကို ထိုင်းနိုင်ငံသားနဲ့တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီတောင်းဆိုချက်ကို  ထိုင်းဝန်ကြီးချုပ်က မြန်မာအလုပ်သမားတွေလည်း ထိုင်း အလုပ်သမားတွေလို တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ တရားဝင်အလုပ်လုပ်ခွင့်ရလိုကြောင်း၊ ငါးဖမ်း သင်္ဘောတွေမှာ ရောက်နေတဲ့ မြန်မာ အလုပ်သမားတွေ  လူကုန်ကူးခံရခြင်း၊ နှိပ်စက်ခံရခြင်း မရှိစေအောင် ကြပ်မတ်ပေးဖို့။ နှစ်နိုင်ငံနယ် နိမိတ် တိုင်းတာရေးနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပြသနာကို ညှိနှိုင်းဖြေရှင်းရေးတွေနဲ့ပတ်သက်လို့ ပြောကြားပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားဝင် လာရောက် အလုပ်လုပ်နိုင်ရန် ထိုင်းအစိုးရက အကူညီပေးသွားမယ်၊ အလုပ်သမားတွေ ဒုက္ခ ရောက်ချိန်မှာ ဆက်သွယ်နိုင်မယ့် Hot Line ဖုန်းနံပါတ်တွေဖွင့်ပေးပြီး မြန်မာစကားနားလည်တဲ့အော်ပရေတာတွေကို ရွေးချယ်ခန့်ထားပေးသွားမယ်လို့ ပြောပါတယ်။

နယ်စပ်က ဒုက္ခသည်တွေ နေရပ်ပို့ဆောင်ရေးကို အစိုးရချင်းပူးပေါင်းဆောင်ရွက် သွားမယ်၊ ဒုက္ခသည်တွေရဲ့ နေရပ်မှာ  အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ အခြေ အနေများကို ဖော်ထုတ်ပေးပြီးချိန်ကျရင် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုစတင်မယ်၊ နှစ်နိုင်ငံကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ပြောကြားပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံတောင်ပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်အောင် ကြပ်မတ်လုပ်ဆောင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံနဲ့ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ အဆင့် ၂ နေရာမှာ ရှိပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၅၁၁ ဒသမ ၃၃ သန်းအထိ ရှိခဲ့ပါတယ်။

အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ မတွေ့မီမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ၊ အာဆီယံနှင့်ကမဘာမြေ ရှေ့သို့ ဆိုတဲ့ အထူးဟောပြောမှုကို ထိုင်းနိုင်ငံခြားရေးရုံးမှာ ကျင်းပခဲ့ပါတယ်။ ထိုင်းမှာကျောင်းတက်နေတဲ့ မြန်မာနှစ်ဆယ်ခန့်အပါအ၀င် တက္ကသိုလ်အသီးသီးက ကျောင်းသား ၃၀၀ ကျော်တက်ရောက်တဲ့ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံရဲ့ အနာဂတ်ဟာ လူငယ်မျိုးဆက်တွေလက်ထဲမှာရှိတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာဆီယံရဲ့ မျိုးဆက်သစ်တွေဟာ အရမ်းအရေးကြီးကြောင်းနဲ့ အာဆီယံအဖွဲရဲ့ သွေးစည်းညီညွတ်မှုကို သူတို့အနေနဲ့ကူညီသင့်ကြောင်း၊ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှေ့ခရီးအရွေ့ ပေါက်မြောက်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟောပြာပွဲမစတင်မီ မနက်ပိုင်း ၁၀ နာရီလောက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai နဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီး မဟာချိုင်မှာ မြန်မာလုပ်သမားတွေနဲ့ တွေ့ခဲ့ပါတယ်။ ခန်းမတွင်း နေရာမဆံ့လို့ မ၀င်နိုင်တဲ့ မြန်မာလုပ်သားထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ မိုးရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဇွန်လ ၂၅ ရက်နေ့သွားရောက်မယ့် ရတ်ခ်ျဘူရီခရိုင်က ဘန်းထမ်ဟင်းဒုတ်ခသည်စခန်းကိုတော့ ရာသီဥတုမကောင်းတာကြောင့် ခရီးစဉ်ဖျက်ခဲ့ပါတယ်။

မဟာချိုင် ထလေထိုင်းခန်းမမှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ အလုပ်သမားတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ သိဖို့အတွက် အလုပ်သမားတွေရဲ့ ကိုယ်တိုင်တင်ပြချက်ကို နားထောင်ရအောင်လာရောက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုမေးမြန်းပါတယ်။

ဒီမေးမြန်းပွဲမှာ အလုပ်လုပ်ခွင့်လက်မှတ်လုပ်ရတာ အခက်အခဲတွေကို အလုပ်သမားတွေ ဘက်က တင်ပြကြပါတယ်။ မေးမြန်းနေစဉ်အစပိုင်းမှာပဲ အလုပ်သမားတွေမေးမြန်းဖို့ပေးထားတဲ့ မိုက်ကရိုဖုန်း ရုတ်တရက် ပျောက်ဆုံးသွားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က စင်မြင့်ပေါ်ကနေ အလုပ်သမားတွေကြားထဲကို ဆင်းလာပြီး မေးမြန်းနားထောင်ပါတယ်။

အခမ်းနားမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကိုလည်း ထိုင်းတာဝန်ရှိသူတွေက သတင်းဆက်မယူတော့ဘဲ ခန်းမထဲက ထွက်ခိုင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြာတဲ့ မဟာချိုင် ထလေထိုင်းခန်းမမှာ မဟာချိုင်ခရိုင်မှူး၊ ခရိုင်ဒုတိယဥပဒေအရာရှိချုပ်၊ ခရိုင်အလုပ်သမားဦးစီးမှူး၊ ရဲဗိုလ်ချုပ် စတဲ့ အရာရှိ စုစုပေါင်း၂၃ဦးကို မူလတာဝန်က ဖယ်ရှားပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှာ လာရောက်သတင်းပို့ဖို့နဲ့ အစစ်ဆေးခံဖို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မဟာချိုင်ထလေထိုင်းခန်းမမှာ ဖြစ်တဲ့ဖြစ်စဉ်နဲ့ မဟာချိုင်က အရာရှိ ၂၃ ဦးကို တာဝန်ကနေ ဖယ်ရှားတဲ့ဖြစ်စဉ်အကြား ဆက်စပ်မှုရှိမရှိနဲ့ပတ်သက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးကအခုလိုပြောပါတယ်။

“ကျနော်တို့အမြင်ကတော့ဗျာ ဆက်စပ်မှု ရှိတယ်လို့ မြင်တယ်။ အလုပ်သမားရေးဆောင်ရွက်နေတဲ့ ရှေ့နေကြီးတယောက်ကလည်း ဒါကိုဒီပုဒ်မနဲ့  ပုံစံနဲ့ အရေးယူတဲ့ဟာက အဂတိလိုက်စားမှုတို့ဘာတို့ကို အရေးယူတဲ့ပုံစံဖြစ်နေတယ်တဲ့။ ခေါင်းစဉ်မှာကိုက ၀တ်တရားလစ်ဟင်းမှုလည်းပါတယ်လေ။ အခုပုံစံက ၀တ်တရားလစ်ဟင်းတာများတယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ယူဟန်ရှိတာပေါ့” လို့ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ၃ ရက်ကြာခရီးစဉ်အတါင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် တို့လည်းလိုက်ပါကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013