
ပြင်သစ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဒန်းကာ့ခ်ကနေ ပါရီမြို့တော်ကို ခုတ်မောင်းလာတဲ့ မြန်နှုန်းမြင့် (TGV) ရထားတစီးဟာ ဧပြီ ၇ ရက် မနက်ပိုင်းက ပြင်သစ်မြောက်ပိုင်းက ရထားလမ်းကူး တနေရာမှာ စစ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးနဲ့ တိုက်မိခဲ့ရာမှာ ရထားမောင်းသူ သေဆုံးသွားပြီး ခရီးသည် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
ဒီမတော်တဆမှုဟာ မနက် ၇ နာရီမထိုးခင်လေးမှာပဲ ပြင်သစ်နိုင်ငံမြောက်ပိုင်း ပါဒယ်ကာလေ နယ်မြေရှိ ဘူလီလေမီးန်နဲ့ မာဇန်ဂါ့ဘ် မြို့တွေအကြားမှာ ဖြစ်ခဲ့တာလို့ ဒေသအုပ်ချုပ်ရေးမှူး ဖရန်ဆွာ-ဇာဗီး လွတ်ရှ်က ပြောပါတယ်။
ရထားဟာ တနာရီကို ကီလိုမီတာ ၁၆၀ နှုန်းနဲ့ ခုတ်မောင်းနေတုန်းမှာ စစ်သုံး မိုဘိုင်းလ်တံတားကြီး တင်လာတဲ့ ထူးထူးခြားခြား ကုန်ကားတန်းကြီးကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိခဲ့ပါတယ်။
တိုက်မိပြီးနောက်မှာလည်း မီတာ ရာနဲ့ချီတဲ့အထိ ဆက်ပါသွားပြီးမှ ရပ်သွားခဲ့တယ်လို့ လွတ်ရှ်က ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာက ပုံရိပ်တွေအရ ရထားရဲ့ ဦးခေါင်းပိုင်းဟာ ပြင်းထန်စွာ ပျက်စီးသွားပြီး အရေးပေါ်ဝန်ဆောင်မှုတွေက ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့တဲ့ ထရပ်ကားအနီးမှာ စုဝေးနေတာကို တွေ့ရပါတယ်။
TGV ရထားမောင်းသူ သေဆုံးခဲ့ပြီး ခရီးသည် ၂၄၆ ယောက်နဲ့ ရထားဝန်ထမ်း ၂ ယောက်တို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး အနီးအနားရှိ လုံခြုံရာနေရာကို ပို့ဆောင်ပေးထားတယ်လို့လည်း လွတ်ရှ်က ပြောပါတယ်။
ခရီးသည် ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
လောလောဆယ်မှာ ကားမောင်းသူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ရထားပစ္စည်းတွေ၊ လေးလံကုန်တင်ယာဉ်နဲ့ ယာဉ်တန်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ဒေသအထူးအမှုစစ် အီတီယန် သိဖရီက မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို အခုထိ မသိရသေးဘူးလို့ ပြောပါတယ်။
အခုဖြစ်စဉ်မှာ တမင်တကာ ဘေးအန္တရာယ်ဖြစ်အောင် လုပ်ဆောင်ပြီး ပေါ့ဆမှုကြောင့် လူသေစေခဲ့တာလား၊ ထိခိုက်ဒဏ်ရာရစေခဲ့တာလား ဆိုတာကို သိရဖို့အတွက် တရားဝင် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပြီလို့လည်း ဆိုပါတယ်။
ပြင်သစ်ရထားလုပ်ငန်း (SNCF) ကတော့ အဲဒီလမ်းပိုင်းက ရထားခရီးစဉ်အားလုံးကို ရပ်နားထားပြီး တနေ့လုံး ခရီးစဉ်တွေ ကြန့်ကြာနိုင်တယ်လို့ အသိပေးထားပါတယ်။
Source: Reuters










