DVB Logo
Home
မြန်မာသတင်း
ဒေါ်စု မဟာချိုင်ခရီးစဉ် ခရိုင်မှူးအပါအ၀င် အရာရှိ ၂၃ ဦးကို ရာထူးမှ ဖယ်ရှား
DVB
·
June 25, 2016
ဒေါ်စု မဟာချိုင်ခရီးစဉ် ခရိုင်မှူးအပါအ၀င် အရာရှိ ၂၃ ဦးကို ရာထူးမှ ဖယ်ရှား
Donate to DVB

ထိုင်းနိုင်ငံ မဟာချိုင်ထလေထိုင်းခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရာရှိ ၂၃ ဦးကို တာဝန်ကနေ ခေတ္တဖယ်ရှားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွင်း မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ တွေ့ဆုံခဲ့ရာ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင်က ခရိုင်မှူး၊ ရဲမှူးအပါအ၀င် အရာရှိအရာခံနဲ့ ၀န်ထမ်းပေါင်း ၂၃ ဦးကို ရာထူးမှ ခေတ္တချထားပြီး ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးရေးလုပ်မယ်လို့ ဆိုပါတယ်။

နယ်မြေခံထဲမှာ ပြစ်မှုဖြစ်ပေါ်အောင် လွှတ်ထားတာ၊ တာဝန်ဝတ္တရားပေါ့လျော့တာ စတဲ့ တိုင်ကြားချက်တွေကြောင့် ထိုင်းအမျိုးသားတည်ငြိမ်းအေးချမ်းရေးကောင်စီ (စစ်ကောင်စီအစိုးရ )  ဇွန် ၂၄ ရက်နေ့ နေ့စွဲနဲ့ စမွတ်စခွန် ခရိုင်ဝန်၊ ခရိုင်ဥပဒေချုပ်၊ ခရိုင်ရဲချုပ်၊ အမှတ် ၉ စစ်ဒေသတိုင်းမှူး၊ ခရိုင်အလုပ်သမားရုံး ညွှန်ချုပ်နဲ့ အရာရှိအရာခံ စုစုပေါင်း ၂၃ ဦးကို မူလရာထူးကေ ယာယီချထားပြီး အခြားဌာနတွေကို ရွှေ့ပြောင်းတာဝန်ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံပြန်တမ်း (ကဇက်) ထုတ်ပြန်ချက်ကို ကိုးကားပြီး matichon ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ ၀န်ထမ်း ၂၃ ဦးကို ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးရေး အပြီးသပ် ဆောင်ရွက်ရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးလို့ အပြစ်ရှိတယ်ဆိုရင် တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကာ အပြစ်မရှိဘူးဆိုရင်တော့ မူလတာဝန်ဝတ္တရားအတိုင်း မူလရာထူးနဲ့ ပြန်လည်ထမ်းဆောင်ရန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံဖို့ ပထမ စီစဉ်ထားတဲ့ ထလေထိုင်းခန်းမထဲ ဦးရာလူစနစ် ၀င်ရောက်မယ့်အစီစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဒေသ အာဏာပိုင်တွေရဲ့ စီမံချက်အရ စက်ရုံတွေက အလုပ်သမားတွေကို ကားတွေနဲ့ ခေါ်ဆောင်ပြီး ပေးဝင်ခဲ့တာကြောင့် လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အခုလို တာဝန်ရှိသူ ၂၃ ဦးကို တာဝန်ကနေ ခေတ္တဖယ်ရှားလိုက်တာဟာ  ထလေခန်းမ ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောပါတယ်။

“ကျနော်တို့အမြင်ကတော့ ဆက်စပ်မှု ရှိတယ်လို့ မြင်တယ်။ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရှေ့နေကြီးတယောက်ကလည်း ဒါကို ဒီပုဒ်မနဲ့  ပုံစံနဲ့ အရေးယူတဲ့ဟာက အဂတိလိုက်စားမှုတို့ ဘာတို့ကို အရေးယူတဲ့ပုံစံဖြစ်နေတယ်တဲ့။ ခေါင်းစဉ်မှာကိုက ၀တ္တရားလစ်ဟင်းမှုလည်း ပါတယ်လေ။ အခုပုံစံက ၀တ္တရားလစ်ဟင်းတာများတယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ယူဟန်ရှိတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန် ၂၃ ရက်ကနေ ၂၅ နေအထိ လာရောက်လည်ပတ်တာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာအလုပ်သမားတွေ၊ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013