Home
မြန်မာသတင်း
ယာဉ်ကြောကြပ်တည်းမှု လျှော့ချနိုင်ရေး ခေတ်မီ မီးပွိုင့်စနစ် အကောင်အထည်ဖော်မည်
DVB
·
June 24, 2016
Traffic
ယာဉ်ကြောကြပ်တည်းမှု လျှော့ချနိုင်ဖို့အတွက် လာမယ့် သြဂုတ်လက စတင်ပြီး ခေတ်မီ မီးပွိုင့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယာဉ်ကြောကြပ်တည်းမှုတွေ လျှော့ချဖို့အတွက် လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေ များစွာထဲက တခုဖြစ်တဲ့ ခေတ်မီမီးပွိုင့်စနစ်ကို လာမယ့် သြဂုတ်လအတွင်း စတင်အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။ “၁၅၄ ပွိုင့်တတ်မယ်။ ကျနော်တို့ ပြည်လမ်းမကြီးတောက်လျှောက်၊ ကမ္ဘာအေးဘုရားလမ်း၊ ပြီးရင် ပါရမီလမ်း၊ ပြီးရင် ရွှေဘုံသာလမ်းရယ်၊ ဘားဂရာလမ်း အဲဒီလမ်းငါးလမ်းကို ဦးစားပေးပြီးတော့ တပ်ဖို့အတွက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။ သတ်မှတ်တဲ့ရက်ကို အပြီးဆောင်ရွက်ဖို့ဆိုပြီး ကျနော်တို့လည်း တွန်းအားပေး ဆောင်ရွက်နေတာပေါ့။ သတ်မှတ်ရက်ကတော့ ၁-၈-၂၀၁၆ ရက်နေ့မှာ ကျနော်တို့ အပြီးပေါ့နော်။ သြဂုတ်လ ၁ ရက်နေ့ အပြီး ဆောင်ရွက်ပေးဖို့ဆိုတာ စာချုပ်ထဲမှာ ထည့်ချုပ်ထားတယ်။” ဒါ့အပြင် ယာဉ်မတော်တဆမှုတွေ၊ ယာဉ်တိုက်ပြေးမှုတွေ မဖြစ်အောင်လည်း ခေတ်မီမီးပွိုင့်တွေမှာ အဆင့်မြင့် ကင်မရာတွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ “မီးပွိုင့်တိုင်ကြီးတွေ ကျနော်တို့ ပြန်ပြီးတော့ တပ်ဆင်မှာပေါ့နော်။ အခုလက်ရှိ မီးပွိုင့်ထက်ကို သူက အရွယ်အစားအားဖြင့်လည်း ကြီးပါတယ်။ အခုလက်ရှိ မီးပွိုင့်တွေက ၈ လက်မ ပတ်လည်လောက်ရှိပေမယ့် နောက်တပ်မယ့်ဟာက တပေပတ်လည်လောက်ရှိတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ ကြိမ်နှုန်းတွေလည်း ပါလာမှာပေါ့။ ပြီးရင်လည်း စပိဒုန်းတွေလည်း တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ အမှုတွေ၊ တိုက်ပြေးမှုတွေ ဒါတွေကိုလည်း ဖော်ထုတ်လို့ရအောင် ကင်မရာတွေကို ခေတ်မီကင်မရာတွေနဲ့ တပ်ဆင်သွားမှာဖြစ်ပါတယ်” လို့လည်း ဒု-ရဲမှူးကြီး အောင်ကိုဦးက ဆက်ပြောပါတယ်။ ဒီ ခေတ်မီမီးပွိုင့်စနစ်ကို ထိန်းချုပ်မယ့် ကွန်ထရိုးစင်တာကို ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ထဲက နက္ခတ်တာရာ ပြခန်းနားမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိ အဆောက်အဦ အခြေခံကိုတော့ ၆၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ သတင်း - ခိုင်ပန်းနု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024