DVB Logo
Home
မြန်မာသတင်း
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း အသစ်ပြန်လည်တည်းဖြတ် ထုတ်ဝေမည်
DVB
·
June 24, 2016
မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း အသစ်ပြန်လည်တည်းဖြတ် ထုတ်ဝေမည်
Donate to DVB

၁၉၈၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို အသစ်ပြန်လည်တည်းဖြတ် ထုတ်ဝေသွားမယ်လို့ မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာနက ပြောပါတယ်။

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်နဲ့ မြန်မာသဒ္ဒါကျမ်းတွေကို အသစ်ပြန်လည်ထုတ်ဝေသွားမှာပါ။

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဟာ ၁၉၈၆ ခုနှစ်က ထုတ်ဝေထားတာဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာမြင့်သွားပြီ ဖြစ်တဲ့အတွက် ခေတ်ကာလအရ အသစ်ပြန်လည်ထုတ်ဝေမှာလည်း ဖြစ်ပါတယ်။

ဒီကျမ်းအသစ်တွေကို ကျောင်းတွေ၊ အစိုးရဌာနတွေကို အခမဲ့  ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

“မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေကိုလည်းပဲ အမြန်ဆုံး ပြန်လည်ထုတ်ဝေနိုင်ဖို့ တည်းဖြတ်လျက်ရှိပါတယ်။ မြန်မာစာအဖွဲ့ဝင် ဆရာတွေ ဦးစီးပြီးတော့ တည်းဖြတ်နေတာ ဖြစ်ပါတယ်” လို့ မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပြောပါတယ်။

မြန်မာစာလုံးပေါင်းတွေဟာ ဒီနေ့ခေတ်ကာလမှာ အများပြည်သူ သွားလာတဲ့နေရာတွေ အပါအဝင် ကဏ္ဍစုံမှာ အမှားအယွင်းတွေ ရှိလာတဲ့အတွက် မြန်မာစာနိမ့်ကျတဲ့ အနေအထား ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် မြန်မာစာမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာန၊ မြန်မာစာအဖွဲ့က ပညာရှင်တွေ၊ တက္ကသိုလ် အသီးသီးက ပါမောက္ခတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။

“ကျောင်းတွင်း မြန်မာစာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ ဘယ်သူက ကြီးကြပ်ပြီးတော့ မြှင့်တင်မယ်၊ ဒီကိစ္စနဲ့ပတ်သက်ရင် အခြေခံပညာပိုင်းမှာ အခြေခံက ဆရာ ဆရာမတွေ၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ၀ိုင်းပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆင့်မြင့်ပိုင်းမှာတော့ ကျနော်တို့ တက္ကသိုလ်က ဆရာ ဆရာမတွေ ၀ိုင်းပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်တခါ ရုံးတွေမှာ အများပြည်သူနဲ့ ဆက်သွယ်တဲ့အခါမှာ၊ ရုံးစာတွေ ရေးသားတဲ့အခါမှာ၊ အများပြည်သူသိရှိအောင် ရေးသားထားတဲ့ ဆိုင်းဘုတ်ကြော်ငြာတွေမှာ မြန်မာစာရေးထုံး သတ်ပုံမှန်မှန်ကန်ကန်နဲ့ ရေးသားဖို့လိုပါတယ်။ အဲလို လိုတဲ့အတွက်ကြောင့်မို့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ လမ်းညွှန်ချက်ပဲပြောပြောပေါ့၊ ဦးဆောင်မှုပဲပြောပြော ရှေ့ကနေ ကမကထပြုလုပ်ရမယ့် အဖွဲ့အစည်းတွေ၊ ကြီးကြပ်ရမယ့်သူတွေ လိုပါတယ်” လို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြတ်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ  မြန်မာစာ အမှားအယွင်းတွေအတွက် မြန်မာစာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းဖို့၊ စာလုံးပေါင်း သတ်ပုံအမှားတွေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ ညွှန်ကြားချက်ထုတ်ဖို့တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013